ရွေးကောက်ပွဲမှာ နှင်းဆီပါတီ (UDP) ပါတီအမတ်လောင်းတွေကို မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မဲပေးဖို့ မလိုအပ်တော့သလို မဲပေးခဲ့ပါကလည်း ပယ်မဲဖြစ်သွားလိမ့်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောလိုက်ပါတယ်။
ဒီနေ့ အောက်တိုဘာ (၂၀) ရက်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ သတင်းမီဒီယာများတွေ့ဆုံရှင်းလင်းပွဲမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွှတ်သော ဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခဲ့ပြီးနောက် ပါတီကိုကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်ဆုံးရှုံးသွားခဲ့ပြီ ဖြစ်တဲ့အတွက် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ (၃၆) (ဂ)ပါ ပြဌာန်းချက်အရကိုယ်စားလှယ်လောင်းအမည်စာရင်းကို ပယ်ဖျက်လိုက်ပြီလို့လည်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုပါတယ်။
“ အဲဒီကိုယ်စားလှယ်လောင်းတွေကို မဲဆန္ဒရှင်တွေ ဆန္ဒပြုဖို့ မလိုအပ်တော့ဘူး။ဆန္ဒပြုလိုက်ရင် ပယ်မဲဖြစ်သွားလိမ့်မယ်။ ဆန္ဒပြုဖို့ မလိုအပ်တဲ့အကြောင်းကို မဲဆန္ဒရှင်ပြည်သူတွေကို အသိပေးကြေညာသွားဖို့ ရှိပါတယ်” လို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့တာပါ။
တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ နှင်းဆီပါတီကိုယ်စားပြုဝင်ပြိုင်မယ့် လွှတ်တော်အမတ်လောင်း (၁,၀၀၀) ကျာ်ရှိတဲ့အတွက် မဲလက်မှတ်မှာ ပယ်ဖျက်ဖို့ အခက်အခဲရှိသွားတဲ့အတွက် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ အဆိုပါ ပါတီဝင်အမတ်လောင်းတွေကို ဆန္ဒမဲပေးစရာမလိုတော့ဘူးဆိုတဲ့အကြောင်းကို အသိပညာပေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- နေပြည်တော်မှာ နှင်းဆီပါတီ မဲဆွယ်စည်းရုံးအင်အားပြစဉ်။
“ သူတို့ကို ဆန္ဒမဲပေးဖို့ မလိုအပ်တော့ဘူး။ ဆန္ဒမဲပေးရင်လည်း ထည့်ရေမှာမဟုတ်ဘူးဆိုတာတွေကို မဲဆန္ဒရှင်ပြည်သူတွေကို အသိပေးတဲ့နည်းလမ်းဆောင်ရွက်မယ်။မဲရုံတွေမှာလည်း အသိပေးကြေညာစာတွေကပ်ထားမယ်။ “ လို့ ဦးမြင့်နိုင်က ဆက်လက်ပြောကြားခဲ့တာပါ။
နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွှတ်သောဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီအဖြစ်က ဖျက်သိမ်းလိုက်ပြီး ယင်းပါတီကိုယ်စားပြု ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ အမည်စာရင်းပယ်ဖျက်နိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေထံ အကြောင်းကြားထားပြီးဖြစ်တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ (၁၇) ရက်ညပိုင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားခဲ့တာလည်းဖြစ်ပါတယ်။
နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ရဲ့ပိုင်ဆိုင်မှုဘဏ်စာရင်းတွေထဲမှာ တရုတ်နိုင်ငံကတဆင့် တရားမဝင်လွှဲပြောင်းရယူထားတဲ့ ငွေကြေးတွေပါဝင်နေတာကိုသိရပြီး တရားမဝင်ငွေကြေးတွေကို ပါတီလုပ်ငန်းတွေအတွက်လည်း သုံးစွဲထားတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားတင်ပြသွားမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပြီးတဲ့နောက် ပါတီကို ဖျက်သိမ်းကြောင်းကြေညာခဲ့တာပါ။
လက်ရှိမှာတော့ နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ကို လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်က ထောင်ပြေးမှုနဲ့ ာ မန္တလေးအိုးဘိုထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ရုံးထုတ်စစ်ဆေးမှုတွေပြုလုပ်နေဆဲလည်းဖြစ်ပါတယ်။
Share