မကွေးမြို့နယ်၊ အိုင်ကြီးကုန်းအုပ်စု၊ ယင်းမာတောကျေးရွာတွင် UBP ပါတီ မဲလာဆွယ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရွာခံ NLD ပါတီဝင် (၄) ဦးနှင့် တစ်ရွာတည်းနေရွာသား (၄) ဦးတို့ အချင်းများပြဿနာတက်ခဲ့ရာကနေ NLD ပါတီဝင်များ ရိုက်နှက်ခံရပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
အောက်တိုဘာ(၁၉)ရက်နေ့က ယင်းမာတောကျေးရွာကို မဲလာဆွယ်တဲ့ UBP ပါတီဝင်တွေကို ရွာခံ NLD ပါတီဝင်အချို့က "ဘယ်ကလာတာလဲ၊ ဘာလာလုပ်တာလဲ" စတဲ့ စစ်မေးမှုများ ပြုလုပ်ခဲ့တဲ့ အတွက် ယင်းမာတောကျေးရွာမှ ကျေးရွာသားအချင်းချင်းရိုက်နှက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း
စစ်မေးမှုလုပ်တဲ့ NLD ပါတီဝင်တွေကို ကျေးရွာကိုလာတဲ့ ဧည့်သည်များကို ကောင်းမွန်စွာဆက်ဆံရန် ရွာသားအချို့က ပြောဆိုခဲ့ရာမှ ကျေးရွာသားအချင်းချင်းပြဿနာဖြစ်ပြီး NLD ပါတီဝင်ကျေးရွာသား(၄)ဦး အရိုက်ခံခဲ့ရတာလို့ ယင်းဆိပ်နယ်မြေရဲစခန်းမှူးဒုရဲအုပ် မင်းအောင်က ပြောပါတယ်။ UBP ပါတီအနေနဲ့ ယင်းမာတောကျေးရွာအတွင်း မဲဆွယ်စည်းရုံးခွင့်ကိုသက်ဆိုင်ရာအုပ်ချုပ်ရေးမှူးထံ ခွင့်တောင်းပြီးမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါပါတီထံကနေ သိရပါတယ်။
"အခုကာလက မဲဆွယ်ကာလဖြစ်တဲ့အတွက် UBP ပါတီက ကျေးရွာအတွင်းမဲဆွယ်ခွင့်တောင်းတာကို ကျွန်တော်ခွင့်ပြုပေးခဲ့တာပါ၊ ခွင့်တောင်းသူတွေကလည်းရွာထဲမှာ လူစုရရင်ဟောပြောပွဲလုပ်မယ်၊ မရရင်လက်ကမ်းစာစောင်လေးတွေပဲဝေပြီး ပြန်ပါမယ်လို့ပြောခဲ့တဲ့အတွက် ခွင့်ပြုခဲ့တာပါ"လို့ ယင်းမာတောကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်ဦးက ပြောသည်။
အရိုက်ခံရတဲ့ NLD ပါတီဝင်(၄)ဦးကို မကွေးပြည်သူ့ဆေးရုံကြီးမှာ ပို့ဆောင်ကုသထားပြီး ရိုက်နှက်ခဲ့တဲ့ ကျေးရွာသား(၄)ဦးအား မကွေးမြို့၊အမှတ် (၂)ရဲစခန်းတွင် အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။
Magway Post မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။