လာမယ့် ၂၀၂၀ရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေထဲက ၂၉,၆၅၆ ဦး လာရောက်မဲပေးခဲ့ကြတဲ့အတွက် မဲပေးပိုင်ခွင့်ရှိသူရဲ့ ၈၉ရာခိုင်နှုန်း ကြိုတင်ဆန္ဒမဲပေးခဲ့တာဖြစ်တယ်လို့ မြန်မာသံရုံး၊စင်ကာပူက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
စင်ကာပူရောက် မြန်မာနိုင်ငံသားတွေထဲက ကြိုတင်ဆန္ဒမဲပေးခွင့်ရရှိသူ ၃၃,၄၂၈ ဦး ရှိခဲ့တဲ့အနက် အောက်တိုဘာလ ၁ရက်ကနေ ၁၈ရက်အထိ ကြိုတင်မဲပေးသူ ၂၉,၆၅၆ ဦး ရှိခဲ့တာဖြစ်တယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ-Myanmar Club (Singapore) (စင်ကာပူသံရုံးတွင် ကြိုတင်ဆန္ဒမဲပေးနေကြတဲ့ မြန်မာနိုင်ငံသားများ)
စင်ကာပူနိုင်ငံမှာ ကြိုတင်မဲပေးဖို့အတွက် ပုံစံ(၁၅)နဲ့လျှောက်ထားသူ သုံးသောင်းလေးထောင်ကျော်ရှိခဲ့ပြီး ဒီထဲကမှ သုံးသောင်းနှစ်ထောင်ကျော်ကို ပြည်ပရောက်မဲဆန္ဒရှင်အဖြစ် ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကျန်ရှိနေတဲ့ မဲဆန္ဒရှင်နှစ်ထောင်ကျော်ကို သံရုံးက ကော်မရှင်ဆီတင်ပြခဲ့တဲ့အတွက် မဲဆန္ဒရှင် (၆၀၀) ကျော် ထပ်မံမဲပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
စင်ကာပူရောက် မြန်မာနိုင်ငံသားတွေထဲက အလုပ်သမားဆောင်တွေကနေ သံရုံးကို လာရောက်မဲပေးဖို့ အဆင်မပြေတဲ့ မဲဆန္ဒရှင်တွေရှိခဲ့ပြီး သူတို့အတွက် မြန်မာသံရုံးက စင်ကာပူနိုင်ငံအစိုးရဆီလျှောက်ထားပေးနိုင်ခဲ့သလို "မဲပေးကြမယ်" အဖွဲ့သားတွေက မော်တော်ယာဉ်စီစဉ်ပေးခဲ့တဲ့အတွက် လာရောက်မဲပေးနိုင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-Myanmar Club (Singapore) (စင်ကာပူသံရုံးတွင် ကြိုတင်ဆန္ဒမဲပေးနေကြတဲ့ မြန်မာနိုင်ငံသားများ)
စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ ကြိုတင်ဆန္ဒမဲပေးပွဲ ပထမနေ့မှာတော့ သံရုံးကို တက္ကစီတွေနဲ့ အများအပြားလာရောက်ခဲ့ကြပြီး သံရုံးအနီး ယာဉ်ကြောရှုပ်ထွေးမှုဖြစ်ပေါ်ခဲ့တဲ့အတွက် ယာဉ်ရပ်နားရန်နေရာအတွက် သံရုံးက စာထုတ်ပြန်ခဲ့ရပေမယ့်လည်း အခြားမဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်မှုမှာတော့ နေ့စဉ် သံရုံးနဲ့အတူ စင်ကာပူက မြန်မာလူမှုရေးအသင်းအဖွဲ့များရဲ့ ကူညီဆောင်ရွက်မှုကြောင့် လာရောက်မဲပေးသူတွေအတွက် အဆင်ပြေချောမွေ့ခဲ့တာကြောင့် ကျေးဇူးတင်တယ်လို့ သံရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါပေမယ့်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လိုအပ်ချက်ကြောင့် မဲလက်မှတ်တွင် တံဆိပ်တုံးမပါဝင်ခြင်း ၊ မဲလက်မှတ်လိုအပ်ခြင်း နဲ့ တိုင်းရင်းသားဆန္ဒမဲလက်မှတ် လွဲမှားမှုအချို့ရှိခဲ့တယ်လို့လည်း မဲပေးသူတွေ နဲ့ တာဝန်ရှိသူအချို့က ပြောကြားခဲ့ပါတယ်။
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် စင်ကာပူရောက်မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ ၁ရက်ကနေ ၁၈ရက်အထိ ကျင်းပခဲ့ပြီး လက်ရှိအချိန်မှာတော့ ကြိုတင်မဲလက်မှတ်တွေကို ပြည်နယ်/တိုင်းဒေသကြီးအလိုက် မဲပုံးများထဲကို ရေတွက်ထည့်သွင်းပြီး ဖြစ်တယ်လို့ မြန်မာလူမှုကူညီရေးအသင်းဖြစ်တဲ့ Myanmar Club (Singapore)က သိရပါတယ်။