ဗြိတိန်နိုင်ငံကနေထွက်ခွာတဲ့ ခရီးသည်တွေကို တစ်နာရီအတွင်း အဖြေသိရှိနိုင်တဲ့ COVID-19 စစ်ဆေးမှုများ စတင်နေပြီလို့ သိရပါတယ်။
(Photo: Reuters)
နိုင်ငံတကာခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွင့်ပေးရန် အစီအစဥ်အရ ထိုသို့ စစ်ဆေးမှုတွေ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ယနေ့ (အောက်တိုဘာ ၂၀ ရက်) မှစပြီး လန်ဒန်မြို့ရှိ ဟီးသရိုးလေဆိပ်မှာ COVID-19 အမြန်စစ်ဆေးမှုများ လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။ ကူးစက်မှုမရှိကြောင်း အဖြေအထောက်အထား တင်ပြနိုင်ပါက ကွာရန်တင်းနေထိုင်ရန် မလိုအပ်တဲ့ နိုင်ငံများသို့ ခရီးသွားသူတွေအတွက် ယခု စစ်ဆေးမှုအစီအစဥ်ကို စတင်ခဲ့တာလည်း ဖြစ်ပါတယ်။
(Photo: Reuters)
ဗြိတိန်မှာ ကူးစက်မှုများ မြင့်တက်နေရာ ကူးစက်မှုအန္တရာယ်ရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်ကြတဲ့ နိုင်ငံအရေအတွက် ပိုမိုများပြားလာနေပါတယ်။ ထိုအခြေအနေအရ ဗြိတိန်မှာ လာရောက်ကြတဲ့ ခရီးသည်တွေဟာ အခြားနိုင်ငံများသို့ ရောက်ရှိပါက ကန့်သတ်မှုတွေ ပိုမိုကြုံရပါတယ်။ ယနေ့မှစပြီး ဟီးသရိုးလေဆိပ်ရဲ့ Terminal 2 နဲ့ 5 မှာ Lamp (Loop-mediated Isothermal Amplification) လို့ သိထားကြတဲ့ COVID-19 ရှိ မရှိ အမြန်စစ်ဆေးမှု လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။
British Airways ၊ Virgin Atlantic နဲ့ Cathay Pacific လေကြောင်းလိုင်းတွေက ခရီးသည်တွေကို COVID-19 အမြန်စစ်ဆေးမှုတွေ ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။ ဗြိတိန်လေကြောင်းဆိုင်းအဖွဲ့အစည်း Airlines UK ရဲ့ အမှုဆောင်အရာရှိချုပ် Tim Alderslade ကတော့ အမြန်စစ်ဆေးမှု ကုန်ကျစရိတ်ကို ယခုထက်ပိုမိုလျော့နည်းစေချင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ ဗြိတိန် လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၇၄၁,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄၃,၀၀၀ ကျော်ရှိခဲ့ပါတယ်။