မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားမှုတွေက ကိုဗစ်ကာလအတွင်း ရွေးကောက်ပွဲကျင်းပခဲ့တဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ သီရိလင်္ကာ စတဲ့နိုင်ငံတွေထက်တောင် ပိုပြီး စနစ်တကျနဲ့ ပြည့်ပြည့်စုံစုံရှိတယ်လို့ အဲဒီနိုင်ငံတွေက ချီးကျူးခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောလိုက်ပါတယ်။
ဒီနေ့ အောက်တိုဘာ (၂၀) ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့နဲ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။
“ ကိုဗစ်-၁၉ ရောဂါစွဲကပ်နေတဲ့ ကာလတွေမှာ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ တောင်ကိုရီးယား၊ ဂျပန်၊ သီရိလင်္ကာ စတဲ့ နိုင်ငံတွေမှာ ရွေးကောက်ပွဲပြင်ဆင်မှုတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဆက်သွယ်မေးမြန်းတယ်။ ဆွေးနွေးတယ်။ အကြံဉာဏ်တွေ ရယူတယ်။ ကျွန်တော်တို့ ဆောင်ရွက်ထားတာတွေ တင်ပြတယ်။ သူတို့က သူတို့ နိုင်ငံတွေထက်တောင် ပိုပြီး စနစ်တကျနဲ့ ပြည့်ပြည့်စုံစုံရှိပါတယ်လို့ ပြောပါတယ်။” လို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုပါတယ်။
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး (မဲပေးသရုပ်ပြမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လာရောက်ကြည့်ရှုစဉ်)
လက်ရှိ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ကျန်းမာရေးလမ်းညွှန်ချက် စံလုပ်ငန်းမှာ ပါတဲ့အတိုင်း မဲဆန္ဒရှင်ပြည်သူတွေ၊ မဲရုံတာဝန်ကျဝန်ထမ်းတွေ အားလုံးက လိုက်နာဆောင်ရွက်မယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါကူးစက်စရာအကြောင်း လုံးဝမရှိဘူးလို့လည်း ဦးမြင့်နိုင်က ဆက်ပြောပါတယ်။
ရွေးကောက်ပွဲတွေအတွက် ပြင်ဆင်ထားရာမှာ နှာခေါင်းစည်းကအစ အရည်အသွေးအကောင်းစားကို အခမဲ့ထုတ်ဝေတာ၊ မဲဆန္ဒရှင်တွေ မဲလာပေးတဲ့အခါမှာ အဆိုင်း (၂) ဆိုင်းခွဲတာ၊ လက်သန့်ဆေးရည်၊ အပူချိန်တိုင်းတာ စသဖြင့်သေသေချာချာဆောင်ရွက်ထားပြီး ကျန်းမာရေးညွန်ကြားချက်အတိုင်းသာ လိုက်နာပါက မဲရုံလာခြင်းဖြင့် ကိုဗစ်မကူးစက်သလောက် ရှိမယ်လို့လည်း ဆိုပါတယ်။
“ တကယ်တမ်းကျတော့ ဈေးဝယ်ထွက်တာ၊ လိုင်းကားတွေစီးတာထက် မဲရုံသွားတာ စိတ်ချရပါတယ်။ အားလုံးကတော့ ပူးပေါင်းဆောင်ရွက်ရမှာပါ။ မဲဆန္ဒရှင်တွေလည်း လိုက်နာပေးရမှာပေါ့”လို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲနေ့မှာ မဲလာပေးတဲ့အခါမှာ ရောဂါကာကွယ်ရေးနဲ့အညီ ပေးနိုင်အောင် သရုပ်ပြလေ့ကျင့်မှုတွေကို ဒီနေ့အောက်တိုဘာ (၂၀) ရက်မှာ သုံးကြိမ်မြောက်အဖြစ်ပြုလုပ်ခဲ့တာပါ။ အဆိုပါ အစမ်းလေ့ကျင်မှုတွေ ပြီးရင်တော့ ရွေးကောက်ပွဲနေ့အတွက် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို ထပ်မံထုတ်ပြန်ပေးသွားမယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။