ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် ဗီယက်နမ်မှာ စစ်သားအများအပြား အပါအဝင် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ COVID-19 ကူးစက်မှုဖြစ်ပွားမှု ကြုံနေရစဥ်အတွင်း ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ရေကြီးမှုများလည်း ဖြစ်ပေါ်နေခဲ့ရာ လူဦး‌ရေ သန်းနဲ့ချီပြီး သေစေနိုင်တဲ့ ဘေးအန္တရာယ်နှစ်ခုကို တစ်ပြိုင်နက် ရင်ဆိုင်နေခဲ့ကြရတယ်လို့ ကြက်ခြေနီအသင်းက ပြောပါတယ်။

(Photo: Vietnam Red Cross)

ယခုလအတွင်း ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် ဗီယက်နမ်မှာ စစ်သားအများအပြား အပါအဝင် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး အခြား လူဦးရေ ဒါဇင်များနဲ့ချီ ပျောက်ဆုံးနေပါတယ်။ မည်သည့်နေရာကို ကြည့်ကြည့် အိမ်တွေ၊ လမ်းတွေနဲ့ အဆောက်အအုံတွေ ရေမြုပ်နေကြတယ်လို့ ဗီယက်နမ် ကြက်ခြေနီအသင်းက ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။



ဗီယက်နမ်မှာ လတ်တလော သီတင်းပတ်များအတွင်း မိုးသည်းထန်စွာရွာသွန်းမှု အပြင်းအထန် ကြုံတွေ့နေခဲ့ရပါတယ်။ လာမယ့် ရက်များအတွင်းမှာလည်း နောက်ထပ် မိုးသည်းထန်မှုတွေ ဆက်လက် ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားပြီး ရေများပိုမိုမြင့်တက်လာနိုင်မှုအပေါ် စိုးရိမ်ပူပန်နေကြပါတယ်။

(Photo: Vietnam Red Cross)

"အကြီးအကျယ် ပျက်စီးစေတဲ့ ဒီ ရေကြီးမှုတွေက ဆယ်စုနှစ်တွေထဲမှာ မြင့်တွေ့ခဲ့ရဖူးတဲ့ အဆိုးဆုံး ‌ရေကြီးမှုဖြစ်ရပ်အချို့ထဲမှာပါတယ်" လို့ ဗီယက်နမ် ကြက်ခြေနီအသင်းဥက္ကဌ Nguyen Thi Xuan Thu က ပြောခဲ့ပါတယ်။ "COVID-19 ကပ်ရောဂါကြောင့် အရင်ကတည်းက အခက်အခဲဖြစ်နေကြတဲ့ သန်းနဲ့ချီတဲ့ လူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုတွေကို ဒီ ရေကြီးမှုတွေက ထိုးနှက်ချက်ကြီးတစ်ခုပါပဲ" လို့ ၎င်းက သုံးသပ်ခဲ့ပါတယ်။

"ရေဘေးသင့်ပြည်သူတွေဆီကို အစားအစာ၊ သောက်ရေ၊ မိုရေကာဖျင်စနဲ့ အခြား မရှိမဖြစ် လိုအပ်တာတွေ ချက်ချင်း ပို့ဆောင်ပေးနိုင်ဖို့ လှေတွေ၊ ရဟတ်ယာဥ်တွေနဲ့ ကုန်းလမ်းခရီးကနေ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်" လို့ ကြက်ခြေနီအသင်းဥက္ကဌက ဆိုပါတယ်။

(Photo: Vietnam Red Cross)

ဗီယက်နမ်မှာ လူဦး‌ရေ သိန်းနဲ့ချီပြီး ယာယီခိုလှုံရန်နေရာ၊ ဘေးကင်းသန့်ရှင်းတဲ့ သောက်ရေနဲ့ အစားအစာ အရေးတကြီး လိုအပ်နေကြောင်း နိုင်ငံတကာကြက်ခြေနီအသင်း (International Federation of the Red Cross - IFRC) က ပြောပါတယ်။ IFRC က ဗီယက်နမ်ရေဘေး ကယ်ဆေးရေးအတွက် အမေရိကန်ဒေါ်လာ ၃၂၅,၀၀၀ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

ဗီယက်နမ်မှာ ရေကြီးမှုတွေကြောင့် နေအိမ် ၁၇၈,၀၀၀ ထက်မနည်း ရေနစ်မြုပ်ခဲ့ပြီး စိုက်ပျိုးမြေဧက ၁၇,၀၀၀ နီးပါး ပျက်စီးခဲ့ကာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ တိရိစ္ဆာန်အကောင်ရေ ၇၀၀,၀၀၀ သေဆုံးခဲ့ကြောင်း BBC သတင်းက ဖော်ပြထားပါတယ်။

.

Share

Loading Next Article...
က္က