သားအိမ်ခေါင်းရောဂါကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် မိန်းကလေး လေးသိန်းငါးသောင်းကျော်ကို ထိုးနှံပေးသွားမှာဖြစ်ပြီး တစ်ဦးကို ထိုးဆေးတစ်ကြိမ်စာအတွက် ဒေါ်လာ (၄ ဒဿမ ၅) ဒေါ်လာကျသင့်မယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၀ ရက်က ကျင်းပတဲ့ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ သားအိမ်ခေါင်းကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။
လတ်တလောမှာ (Stay home) မြို့နယ်တွေမှာ မထိုးနှံနိုင်သေးဘဲ (Stay at home) အစီအစဉ် ပြီးတာနဲ့ တစ်ပြိုင်နက် သက်ဆိုင်ရာမြို့နယ်တွေမှာစတင်ထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ပါကလည်း ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်မှာ စတင်ထိုးနှံသွားမယ်လို့သိရပါတယ်။
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး (အောက်တိုဘာ ၂၀ ရက်ကသားအိမ်ခေါင်းကာကွယ်ဆေးထိုးအခမ်းအနားပြုလုပ်စဉ်)
မြန်မာနိုင်ငံမှာ အခုစတင်ထိုးနှံမယ့် သားအိမ်ခေါင်းကာကွယ်ဆေးက သားအိမ်ခေါင်း ရောဂါဖြစ်ပွားစေတဲ့ အိတ်ချ်ပီဗီ (HPV) ရောဂါပိုး (၄) မျိုးကိုကာကွယ်နိုင်တဲ့ လေးမျိုးစပ် ကာကွယ်ဆေးဖြစ်တယ်လို့လည်း ဆိုပါတယ်။ Gavi, the vaccine alliance မှ မြန်မာနိုင်ငံအတွက် အထူးဈေးနှုန်းနဲ့ ဝယ်ယူပံ့ပိုးပေးတာကြောင့် ဆေးတစ်ကြိမ်စာအတွက် (၄ ဒသမ ၅) ဒေါ်လာကျသင့်ပြီး တစ်ဦးကို ဆေးနှစ်ကြိမ်ပြည့်အောင် (၁) နှစ်ခြားထိုးနှံပေးရမယ်လို့ သိရပါတယ်။
အခုထိုးနှံမယ့် သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးတန်ဖိုးရဲ့ (၈၀) ရာခိုင်နှုန်းကို Gavi, the vaccine alliance အဖွဲ့က ပံ့ပိုးတာဖြစ်ပြီး နိုင်ငံတော်က ဆေးတန်ဖိုး (၂၀) ရာခိုင်နှုန်းနဲ့ အခြားကုန်ကျစရိတ်တွေကို ကျခံသွားမှာလည်းဖြစ်ပါတယ်။
သားအိမ်ခေါင်းရောဂါကာကွယ်ဆေးကို အသွားအလာခက်ခဲတဲ့ဒေသတွေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေနဲ့ တိုင်းရင်းသားဒေသတွေ အားလုံးမှာလည်း သက်ဆိုင် တိုင်း၊ပြည်နယ်အစိုးရတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။
ကာကွယ်ဆေးကြောင့် သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ပွားမှုတွေ လျော့နည်းသွားမယ့်အပြင် လိင်အင်္ဂါကြွက်နို့ရောဂါ အပါ အဝင်အိတ်ချ်ပီဗီ (HPV) ရောဂါပိုးကြောင့် ဖြစ်ပွားတဲ့ရောဂါတွေကိုလည်း ကာကွယ်နိုင်မယ်လို့သိရပါတယ်။
သားအိမ်ခေါင်းကင်ဆာကို စောစောစီးစီးကာကွယ်နိုင်ဖို့ အသက် (၃၀) မှ (၄၅) နှစ်အတွင်း အမျိုးသမီးတွေအနေနဲ့ သားအိမ်ခေါင်း အချွဲအမြှေးကိုယူပြီး စစ်ဆေးမှုခံယူသင့်ပြီး ဝန်ကြီးဌာနကလည်း အဲဒီလိုစစ်ဆေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထောက်ခံတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးပေါ်ပေါက်လာပါကလည်း မြန်မာနိုင်ငံရဲ့ လူဦးရေ (၂၀) ရာခိုင်နှုန်းစာ ကာကွယ်ဆေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အဆိုပါအခမ်းအနားမှာထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
Share