Covid ကာလမှာ ပရဟိတအလုပ်တွေ စွမ်းစွမ်းတမံ လုပ်ကိုင်လျှက်ရှိတဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ ကတော့ COVID-19 ရောဂါပိုး ကူးစက်ခံလိုက်ရပါပြီ။
Photo: Kyaw Thu
နာရေးကူညီမှုအသင်းရဲ့ ပြန်ကြားရေး ရုံးအဖွဲ့က ဝန်ထမ်းတစ်ဦးမှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် ထိုဝန်ထမ်းနဲ့ ထိတွေ့ခဲ့သူ ဦးကျော်သူကိုလည်း ရောဂါပိုးရှိမရှိ ဒီနေ့မှာ စစ်ဆေးခဲ့ရာ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
" တွေ့ပြီ... P တဲ့။အများအတွက် မျိုးဆက်သစ်တွေကို ဦးဆောင် ပေးဆပ်ရင်းဖြင့် ကျဆုံးခဲ့ရမှုကို ကျေနပ် ပီတိဖြစ်စွာ လက်ခံလိုက်မိပါသည်။ "ငါမရှိရင် ငါ့ထက် ရဲရဲကြီး ပေးဆပ်ရဲသူ ရောက်လာလိမ့်မယ်" "ငါမရှိရင် ငါ့ထက်သီလလုံခြုံ သစ္စာဆိုရဲသူ ရောက်လာလိမ့်မယ်" " ငါမရှိရင် ငါတို့ချမှတ်ခဲ့တဲ့ပရဟိတအုတ်မြစ် အဆောက်အဦးက ဒီထက်ပိုပြီး ခိုင်မာ၊မြင့်မား၊တိုးတက် လာလိမ့် မယ်" အားလုံးကို ကြိုတင်ပြင်ဆင် ထားမှုက ခေါင်းဆောင်တွေ ရဲ့ အလုပ်။အေး....မင်းတို့ဖက်က ညီညွတ်ကြ ဖို့ပဲလိုတယ်။ ဒါပဲ... ကျော်သူ" ဆိုပြီးတော့ အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လယ် (၁၁ ) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Kyaw Thu
အွန်လိုင်းစာမျက်နှာတွေပေါ်မှာတော့ နာရေးကူညီမှု အသင်းသားတစ်ယောက်မှာ ကိုဗစ်ပိုး တွေ့တယ်ဆိုတဲ့ သတင်းတွေ ပြန့်နေ့ခဲ့တာ ဖြစ်ပြီး တကယ်တမ်းမှာတော့ မြေပြင်မှာ သွားနေတဲ့ အသင်းသားတွေမှာ ကိုဗစ်တွေ့တာမဟုတ်ဘဲ ရုံးပိုင်း တာဝန်ယူထားတဲ့ ဝန်ထမ်းမှာကိုဗစ်တွေ့ခဲ့တာ ဖြစ်တယ်လို့ နာရေးကူညီမှုအသင်းရန်ကုန်ရဲ့ တာဝန်ရှိသူက ပြောပြခဲ့ပါတယ်။
ဦးကျော်သူ အနေနဲ့ နှလုံး ခွဲစိတ်ထားသူဖြစ်ပြီး ဆီးချိုရောဂါ ရှိတဲ့အတွက် သူ့ကို ချစ်တဲ့ နာရေးကူညီမှု အသင်းသားတွေ၊ ပရိသတ်တွေကလည်း စိုးရိမ်နေတယ်လို့ သိရပါတယ်။ ဦးကျော်သူပါဝင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဦးကျော်သူ အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို ၂၀၀၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီအသင်းကြီးဟာ နှစ်ပေါင်း(၂၀) ကျော်လာခဲ့ပါပြီ။ ဦးကျော်သူဟာ တစ်ချိန်က အကယ်ဒမီဆုတွေ ရရှိခဲ့ဖူးတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။