နှင်းဆီပါတီကိုယ်စားပြု အမတ်လောင်းတွေကို ပယ်ဖျက်ထားတာကြောင့် အဆိုပါအမတ်လောင်းတွေရဲ့ အမည်မပါဝင်တဲ့ ဆန္ဒမဲလက်မှတ်တွေကို ပြန်လည်ရိုက်နှိပ်ပြီး ဖြန့်ဝေဖို့ အချိန်မမီနိုင်တော့ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ (၂၀) ရက်ညပိုင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။
မဲလက်မှတ်မှာ ရိုက်နှိပ်ဖော်ပြထားတဲ့ ဆန္ဒပြုဖို့ နေရာမှာ နှင်းဆီပါတီတံဆိပ်နဲ့ ကိုယ်စားပြု အမတ်လောင်းတွေရဲ့ အမည်ကို မင်နီနဲ့ ကန့်လန့်ဖြတ် မျဉ်းသားပြီး ပယ်ဖျက်ဖို့လည်း အချိန်မလုံလောက်လာတာကြောင့် ကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ မဲလက်မှတ်ကိုပြင်ဆင်၊ ပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်မှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ဒါကြောင့် နှင်းဆီပါတီက အမတ်လောင်းတွေကို ဆန္ဒပြုမဲပေးမယ်ဆိုပါက ပယ်မဲအဖြစ် သတ်မှတ်ခံရမှာဖြစ်ပြီး ကော်မရှင်အဖွဲ့ခွဲရုံးတွေနဲ့ မဲရုံတွေမှာ ကပ်ထားကြေညာသွားမှာဖြစ်သလို မဲဆန္ဒရှင်တွေအနေနဲ့ မဲလက်မှတ်တွေ ပယ်မဲမဖြစ်စေရေး ဂရုစိုက်ဆောင်ရွက်ဖို့ အသိပေးသွားမယ်လို့ ဆိုပါတယ်။
နှင်းဆီပါတီဟာ (၂၀၂၀) ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်ဦးရေ ဒုတိယအများဆုံးအဖြစ် (၁၁၀၀) ကျာ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားတာဖြစ်ပါတယ်။
ဒါကြောင့် အမတ်လောင်းအမည်စာရင်း များပြားတာကြောင့် မဲလက်မှတ်မှာ ပယ်ဖျက်ဖို့ အခက်အခဲရှိသွားတဲ့အတွက် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ အဆိုပါ ပါတီဝင်အမတ်လောင်းတွေကို ဆန္ဒမဲပေးစရာမလိုတော့ဘူး ဆိုတဲ့အကြောင်း အသိပညာပေးမှုတွေ လုပ်ဆောင်သွားမယ်လို့ မနေ့က ပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။
“ အဲဒီကိုယ်စားလှယ်လောင်းတွေကို မဲဆန္ဒရှင်တွေ ဆန္ဒပြုဖို့ မလိုအပ်တော့ဘူး။ဆန္ဒပြုလိုက်ရင် ပယ်မဲဖြစ်သွားလိမ့်မယ်။ ဆန္ဒပြုဖို့ မလိုအပ်တဲ့အကြောင်းကို မဲဆန္ဒရှင်ပြည်သူတွေကို အသိပေးကြေညာသွားဖို့ ရှိပါတယ်” လို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့တာပါ။
နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွှတ်သောဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီအဖြစ်က ဖျက်သိမ်းလိုက်ပြီး ယင်းပါတီကိုယ်စားပြု ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ ရွေးကောက်ခံပိုင်ခွင့်ဆုံးရှုံးသွားပြီလို့ ပြီးခဲ့တဲ့ အောက်တိုဘာ (၁၇) ရက်ညပိုင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားခဲ့တာလည်းဖြစ်ပါတယ်။
Share