ဗြိတိန်နိုင်ငံမှ သုတေသီတွေက လူတွေမှာ COVID-19 ရောဂါဖြစ်လာစေတဲ့ ဗိုင်းရပ်စ်ပမာဏကို သိရှိနိုင်ရေး ကျန်းမာရေးကောင်းမွန်ပြီး မိမိသဘောဆန္ဒအလျောက် စေတနာ့ဝန်ထမ်း လုပ်မယ့်သူတွေထံ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်စေပြီး လေ့လာဆန်းစစ်သွားရန် မျှော်လင့်ထားတယ်လို့ အောက်တိုဘာ ၂၀ ရက်နေ့မှာ ပြောပါတယ်။
(Photo: Reuters)
Imperial College London က ပူးပေါင်းပါဝင်တဲ့ Human Challenge Programme ခေါ် ထိုလေ့လာမှုအစီအစဥ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို လျှော့ချရန်၊ ၎င်းရဲ့သက်ရောက်မှုနဲ့ သေဆုံးမှုကို လျော့နည်းစေရန် ကူညီနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ သုတေသီတွေက ကမ္ဘာ့ပထမဆုံးလို့ ပြောထားတဲ့ ထိုအစီအစဥ်ရဲ့ ပထမအဆင့်မှာ ကျန်းမာရေးကောင်းမွန်တဲ့ စေတနာ့ဝန်ထမ်းတွေကို SAR-CoV-2 ကူးစက်နိုင်ခြေအပေါ် လေ့လာဆန်းစစ်သွားမယ်လို့ ဆိုပါတယ်။
ကနဦးအဆင့် ရည်ရွယ်ချက်က လူတစ်ဦးကို COVID-19 ဖြစ်စေနိုင်တဲ့ အနည်းဆုံး ဗိုင်းရပ်စ်ပမာဏကို ဖော်ထုတ်သိရှိနိုင်ဖို့ ဖြစ်ပါတယ်
၎င်းတို့က အသက် ၁၈ နဲ့ ၃၀ နှစ်ကြားအရွယ် နှလုံးရောဂါ၊ ဆီးချို သို့မဟုတ် အဝလွန်ရောဂါကဲ့သို့ ကျန်းမာရေးပြဿနာမရှိထားဘဲ လေ့လာမှုအစီအစဥ်မှာ မိမိသဘောဆန္ဒအလျောက် ပါဝင်ကြမယ့် စေတနာ့ဝန်ထမ်းတွေ (ဗော်လန်တီယာတွေ)ကို စုဆောင်းသွားရန် ရည်ရွယ်ထားပါတယ်။
(Photo: Reuters)
"ဒီ ကနဦးအဆင့် ရည်ရွယ်ချက်က လူတစ်ဦးကို COVID-19 ဖြစ်စေနိုင်တဲ့ အနည်းဆုံး ဗိုင်းရပ်စ်ပမာဏကို ဖော်ထုတ်သိရှိနိုင်ဖို့ ဖြစ်ပါတယ်" လို့ Imperial College က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ Human Challenge Studay လို့လည်း သိထားကြတဲ့ ယခု လေ့လာမှုပုံစံဟာ အန္တရာယ်ရှိတယ်လို့ ယူဆပြီး တစ်နည်းအားဖြင့် ကျန်းမာရေးကောင်းမွန်သူတွေ ဗိုင်းရပ်စ်ကူးစက်ခံခြင်းဟာ ကျင့်ဝတ်မညီတာကြောင့် ပြုလုပ်လေ့သိပ်မရှိဘဲ ရှားပါးတဲ့ လေ့လာမှုလို့ ဆိုပါတယ်။
သို့သော် COVID-19 ကို တိုက်ဖျက်ရန် အချိန်လုဆောင်ရွက်နေကြတဲ့ သုတေသီတွေက အန္တရာယ်ကင်းကောင်း အာမခံထားပြီး ယခုကဲ့သို့ လေ့လာဆန်းစစ်မှုတွေက ထိရောက်မှုအရှိဆုံး ကာကွယ်ဆေးကို လျင်လျင်မြန်မြန် ရွေးချယ်သိရှိနိုင်တဲ့ အလားအလာကောင်းရှိပြီး ကမ္ဘာတစ်ဝန်း လူဦးရေ ၁.၁ သန်းကျော် သေဆုံးခဲ့တဲ့ COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေး ကူညီနိုင်မယ်လို့ ပြောထားပါတယ်။
(ဗော်လန်တီယာအဖြစ်ပါဝင်ရန် မျှော်လင့်ထားသူ Danica Marcos) (Photo: Frank Auterstein/AP)
ဗြိတိန်မှာ လုပ်ဆောင်သွားမယ့် ယခုလေ့လာမှု ပထမအဆင့်အရ သုတေသီတွေက လစာရရှိတဲ့ ဗော်လန်တီယာ ၉၀ ကို နှာခေါင်းမှတစ်ဆင့် အစက်ချနည်းဖြင့် ဗိုင်းရပ်စ်ကူးစက်အောင် လုပ်ဆောင်သွားပြီး COVID-19 ရောဂါဖြစ်စေရန် လိုအပ်တဲ့ အနည်းဆုံး ဗိုင်းရပ်စ်ပမာဏကို ဆန်းစစ်သွားမှာ ဖြစ်ပါတယ်။
ယခု လေ့လာမှုကို လန်ဒန်မြို့ရှိ Royal Free ဆေးရုံမှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ Human Challenge လေ့လာမှုတွေကို ယခင်က အူရောင်ငန်းဖျား (တိုက်ဖွိုက်)၊ ကာလဝမ်းရောဂါနဲ့ ငှက်ဖျားကဲ့သို့ ရောဂါတွေအတွက် ကာကွယ်ဆေး ဖော်စပ်ထုတ်လုပ်ရန် အသုံးပြုခဲ့ဖူးကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။