ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ကူးစက်မှုတွေဟာ နှေးကွေးလျော့သွားတဲ့လက္ခဏာ မရှိသေးပါဘူး။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ယနေ့ (အောက်တိုဘာ ၂၁ ရက်) မှာ ၄၁ သန်းကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

(Photo: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၁၀ လအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၄၁ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁.၁ သန်းကျော် (၁,၁၃၀,၁၆၂ ဦး) သေဆုံးခဲ့ပြီး သန်း ၃၀ ကျော် ပြန်လည်သက်သာခဲ့ပါတယ်။



တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ သန်း ၄၀ ကျော်လွန်ခဲ့တာဖြစ်ပြီး ၃ ရက်ကျော်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ အောက်တိုဘာ ၁၈ ရက်နေ့မှာ ၁,၁၁၆,၉၁၉ ဦးမှ ၃ ရက်အတွင်း ၁၃,၂၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: AFP)

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၄၁ သန်းကျော်အနက် ၉.၂ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၈.၅ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၂၆,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ ကူးစက်မှုတွေ နေ့စဥ် သောင်းဂဏန်းအရေအတွက် တိုးလာနေဆဲဖြစ်ပြီး ယခုအခါ COVID-19 ကူးစက်ခံရသူ ၇.၆ သန်းကျော်လွန်လာပြီး သေဆုံးသူဦးရေ ၁၁၅,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၅.၃ သန်းကျော်လွန်လာခဲ့ပြီးနဲ့ သေဆုံးသူကလည်း ၁၅၄,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။

(Photo: AFP)

ထိုအတောအတွင်း ဥရောပဒေသမှာ ကူးစက်မှုတွေ အလျင်အမြန် တိုးလာနေခဲ့ကြောင်း သိရပါတယ်။ ဗြိတိန်၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ နယ်သာလန်၊ ရုရှား၊ ချက်ရီပတ်ဘလစ်၊ ဘယ်လ်ဂျီယံ၊ အိုင်ယာလန် အပါအဝင် ဥရောပဒေသမှာ COVID-19 ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေပါတယ်။ ဗြိတိန်မှာ ကူးစက်မှုထိန်းချုပ်ကာကွယ်ရေး ပိုမိုတင်းကျပ်တဲ့ ပိတ်ပင်ကန့်သတ်မှုအသစ်များ ထုတ်ပြန်ထားသလို ပြင်သစ်မှာလည်း ပါရီမြို့အပါအဝင် မြို့ကြီး ၉ မြို့ကို ညမထွက်ရအမိန့် ထုတ်ထားခဲ့ပါတယ်။ 

ထို့အတူ စပိန်၊ ချက်ရီပတ်ဘစ်၊ အိုင်ယာလန်၊ ပိုလန် အစရှိတဲ့ ဥရောပနိုင်ငံတွမှာ ကန့်သတ်ချက်အသစ်တွေ ထုတ်ပြန်ထားပြီး COVID-19 ကူးစက်မှု ထိန်းချုပ်ကာကွယ်ရေး လုပ်ဆောင်နေပါတယ်။ စပိန်နိုင်ငံက ကူးစက်မှုထိန်းချုပ်ရေး မက်ဒရစ်မြို့ကဲ့သို့ ကူးစက်ဖြစ်ပွားမှု ပိုဆိုးတဲ့နေရာတွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်သွားရန် စဥ်းစားနေတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ရုရှားနိုင်ငံမှာ အောက်တိုဘာ ၁၉ ရက် ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ ၁၅,၉၈၂ ဦး တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှုအမြင့်ဆုံး စံချိန်တင်ခဲ့ပါတယ်။ ရုရှားမြို့တော် မော်စကိုမြို့မှာ ကူးစက်မှုများ လျင်မြန်စွာ မြင့်တက်နေပါတယ်။ ဥရောပဒေသတွင်းရှိ ဘယ်လ်ဂျီယံနိုင်ငံမှာ COVID-19 ကူးစက်မှုလှိုင်းအသစ်ကြောင့် မကြာမီ မနိုင်မနင်းဖြစ်လာနိုင်ကြောင်းနဲ့ ကူးစက်မှုအသစ် ဆူနာမီလှိုင်းကို ရင်ဆိုင်နေရကြောင်း ကျန်းမာရေးဝန်ကြီးက သတိပေးခဲ့ပါတယ်။

ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ကူးစက်မှုတွေဟာ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ ပုံမှန်အားဖြင့် ၃ ရက်နဲ့ ၄ ရက်အတွင်း ၁ သန်းကျော် တိုးလာနေပြီး သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။

(Photo: Reuters)

လတ်တလော သီတင်းပတ်များအတွင်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ မြန်မာနိုင်ငံတို့မှာ COVID-19 ကူးစက်မှုတွေ နေ့စဥ် အများအပြား တိုးလာနေဆဲ ဖြစ်ပါတယ်။ စင်ကာပူနဲ့ ထိုင်းမှာတော့ ကူးစက်မှုတွေ သိသိသာသာ လျော့နည်းသွားခဲ့ပြီဖြစ်ရာ ပိတ်ပင်ကန့်သတ်ချက်များ ဖြေလျှော့ပေးနေပါတယ်။

ထိုင်းနိုင်ငံ ၇ လကြာ ပြည်ပခရီးသွားဝင်ခွင့် ပိတ်ပင်ထားခဲ့ရာမှ အောက်တိုဘာ ၂၀ ရက်နေ့မှာ တရုတ်ခရီးသွားတွေကို ပထမဆုံး ဝင်ခွင့်ပြုလိုက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းကို ပြန်လည်အသက်ဝင်စေခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားက COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့ရာ ယခုအခါ အရှေ့တောင်အာရှဒေသတွင်း စတုတ္တမြောက် ကူးစက်မှုအများဆုံးနဲ့ တတိယမြောက် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက အောက်တိုဘာ ၂၀ ရက် ည ၈ နာရီအချိန်အထိ ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ ၁,၃၀၆ ဦးနဲ့ သေဆုံးသူ ၃၁ ဦး တိုးလာခဲ့ပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၃၈,၅၀၂ ဦး၊ သေဆုံးသူ ၉၄၅ ဦး၊ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၁၈,၁၄၇ ဦးနဲ့ ကုသနေရဆဲ ၁၉,၄၁၀ ဦး ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က