အောက်တိုဘာ၂၀ရက်နေ့ကကျင်းပခဲ့တဲ့ NLDကားစတစ်ကာအလှဆင်ပြိုင်ပွဲမစတင်ခင်မှာ အခမ်းအနားအတွက် ပြင်ဆင်ထားတဲ့ပစ္စည်းတွေဖျက်ဆီးခံခဲ့ရပါတယ်။
မန္တလေးမြို့ရဲ့အထင်ကရ နန်းမြို့ရိုးတောင်ဘက်၊ကျုံးရေပြင်ပလက်ဖောင်းမှာပြင်ဆင်ထားတဲ့ အခမ်းအနားကို ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့အကြားက ညပိုင်းမှာဖျက်ဆီးခံခဲ့ရတာဖြစ်တဲ့အတွက် မန္တလေးမြို့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ မန္တလေးမြို့ရဲ့အထင်ကရ စာရေးဆရာကြီး ညီပုလေးက သုံးသပ်ပါတယ်။ "'ဒီဖြစ်ရပ်မှာ မန္တလေးမြို့ခံတွေမပါဝင်ဘူးလို့မဆိုလိုပါဘူး။ ဒါပေမယ့် ဘယ်လိုလူမျိုးတွေလုပ်မယ်ဆိုတာတော့သိနေတာပါ။ ဒါက မြို့အနေနဲ့ကြည့်ရင် ရှက်စရာအရမ်းကောင်းသလို ပုံရိပ်ထိခိုက်စေပါတယ်။ ဒီမိုကရေစီကို မလိုလားသူတွေ၊ ဖက်ဒရယ်ပြည်ထောင်စုကို မလိုလားသူတွေရဲ့လုပ်ရပ်လို့ပဲမြင်ပါတယ်။"လို့ စာရေးဆရာ ညီပုလေးကဆိုပါတယ်။
ဖျက်ဆီးခံလိုက်ရတဲ့အထဲမှာ မဏ္ဍပ်နောက်ခံဗီနိုင်းပိုစတာအပါအဝင် ထီးအမိုးကိုင်းတွေမိုးကာထောက်တိုင်တွေနဲ့ အခမ်းအနား အပြင်အဆင်ပစ္စည်းတွေပါဝင်ပြီး ဆုံးရှုံးမှုတန်ဖိုးအားဖြင့် ငွေကျပ်သိန်းကိုးဆယ်ခန့်ရှိတယ်လို့သိရပါတယ်။ ပျက်စီးမှုတွေအတွင် ပြိုင်ပွဲကျင်းပရေးတာဝန်ခံတွေကအမှုဖွင့်တရားစွဲဆိုထားပါတယ်။ "NLD ပါတီကိုမလိုလားတဲ့သူတွေကလုပ်သွားတယ်လို့ပဲယူဆပါတယ်။ ဘယ်သူဘယ်ဝါလို့တော့မပြောချင်ပါဘူး။ ကျွန်တော်တို့အတွက်ကတော့ ဒီဖြစ်စဉ်ကို အားအဖြစ်ပဲမှတ်ယူပြီး ပြိုင်ပွဲကိုရအောင်ဆက်လုပ်မှာပါ။"လို့ ပြိုင်ပွဲလုံခြုံရေးတာဝန်ခံ ဦးရဲညွန့်ကပြောပါတယ်။
အန်အယ်လ်ဒီပါတီအပေါ်ဝန်းရံထောက်ခံတဲ့ရည်ရွယ်ချက်နဲ့ မန္တလေးမြို့ကကျောက်စိမ်းညီအစ်ကိုတွေပူးပေါင်းဖွဲ့စည်းထားတဲ့ We Love Mandalay အဖွဲ့က ကားစတစ်ကာအလှဆင်ပြိုင်ပွဲနှစ်ခုကို ပြီးခဲ့တဲ့စက်တင်ဘာလအစောပိုင်းကစတင်စီစဉ်ခဲ့တာဖြစ်ပါတယ်။ We Love Mandalay အဖွဲ့ကစီစဉ်တဲ့ ကားစတစ်ကာအလှဆင်ပြိုင်ပွဲနှစ်ခုကို လက်ရှိအချိန်မှာဆက်လက်ကျင်းပနေဆဲဖြစ်ပြီး ဒုတိယအစီအစဉ်ဖြစ်တဲ့ သုံးဘီးအငှားယာဉ်တွေယှဉ်ပြိုင်မှုအပြီးမှာတော့ ဆုချီးမြှင့်ပွဲကျင်းပသွားမှာဖြစ်တယ်လို့ We Love Mandalay အဖွဲ့က ကြေညာထားပါတယ်။