ပထမဆုံးရက် preorder ပမာဏအရ iPhone 12 အော်ဒါမှာယူမှုဟာ ပြီးခဲ့တဲ့နှစ် iPhone 11 ထက် ၂ ဆကျော် ပိုများတယ်လို့ ဈေးကွက်သုတေသနပညာရှင်တစ်ဦးက ဆိုပါတယ်။
အော်ဒါလက်ခံမှုစတင်ပြီး ၂၄ နာရီအတွင်း iPhone 12 preorder မှာယူမှုမှာ အလုံးရေ ၂ သန်းအထိ ရောင်းထွက်ခဲ့တယ်လို့ TF International Securities မှ Apple ဈေးကွက်သုတေသီ မင်ချိကုအိုက အစီရင်ခံခဲ့တာပါ။ ၂၀၁၉ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ iPhone 11 စီးရီးရဲ့ ပထမဆုံးရက် preorder အလုံးရေ ၈ သိန်း ရောင်းချခဲ့ရတာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
Photo: CNBC
preorder လက်ခံတဲ့ သီတင်းပတ်အကုန် တနင်္ဂနွေနေ့အထိနဲ့ တွက်မယ်ဆိုရင်တော့ Apple ဟာ iPhone 12 အလုံးရေ ၉ သန်းအထိပဲ ရောင်းချခဲ့ရဖွယ် ရှိတာကြောင့် ပြီးခဲ့တဲ့နှစ် iPhone 11 ကာလတူရောင်းအား ၁၂ သန်းထက် နည်းတယ်လို့ မင်ချိကုအိုက ခန့်မှန်းထားပါတယ်။ မင်ချိကုအိုရဲ့ အစီရင်ခံစာအရ iPhone 12 preorder ကျသွားတဲ့ အကြောင်းရင်းတစ်ခုက iPhone 11 ဈေးကို ၅၉၉ ဒေါ်လာ ချလိုက်တာလည်း ပါတယ်လို့ ဖော်ပြထားပါတယ်။
တရုတ်ဈေးကွက်ရဲ့ ဝယ်လိုအားကောင်းမှုကြောင့် iPhone 12 Pro ဟာ မျှော်မှန်းထားတာထက် ရောင်းအားပိုကောင်းခဲ့တယ်လို့လည်း မင်ချိကုအိုက ဆိုပါတယ်။ မင်ချိကုအိုကတော့ တရုတ်ဈေးကွက်ဟာ iPhone 12 Pro ဝယ်လိုအားရဲ့ ၃၅% ကနေ ၄၅% ကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။
ထိုင်ဝမ် carriers တွေကတော့ iPhone 12 ရောင်းအားဟာ iPhone 6/6 Plus နောက်ပိုင်း အရောင်းပိုသွက်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။ Economic Daily News သတင်းအရ iPhone 12 နဲ့ iPhone 12 Pro တို့ preorder တက်လာပြီးနောက် Apple ရဲ့ supplier တွေ ဖြစ်တဲ့ Foxconn နဲ့ Pegatron တို့ဟာ ဝယ်လိုအားနဲ့အမှီ ထုတ်လုပ်နိုင်ဖို့ ဖုန်းအစိတ်အပိုင်း တပ်ဆင်ရေးမှ ဝန်ထမ်းတွေကို ဘောနပ်စ်တိုးပေးထားတယ်လို့ ဆိုပါတယ်။
Photo; 9to5Mac
iPhone 12 Mini နဲ့ iPhone 12 Pro Max တို့ကို နောက်လထဲမှ ဈေးကွက်တင် ရောင်းချသွားမှာ ဖြစ်ပြီး လောလောဆယ် ဈေးကွက်ဝင်နေတဲ့ iPhone 12 နဲ့ iPhone 12 Pro တို့ထက် ဝယ်လိုအားနည်းဖို့လည်း ရှိပါတယ်။ iPhone 12 Mini ဟာ screen သေးခြင်းနဲ့ Dual SIM မရခြင်းကြောင့် တရုတ်မှာ အကြိုက်နည်းမယ်လို့လည်း မင်ချိကုအိုက ခန့်မှန်းထားပါတယ်။ ဒီမော်ဒယ်နှစ်မျိုးကိုတော့ လာမယ့် နိုဝင်ဘာလကစပြီး အော်ဒါမှာယူနိုင်မှာ ဖြစ်ပါတယ်။