အနုပညာနဲ့ ပတ်သက်ပြီး ခံယူချက်တွေ ပြောပြလာပါတယ်။

ကလေးသရုပ်ဆောင်ဘဝကနေ အခုချိန်ထိ အနုပညာလောကထဲမှာ ကျင်လည်နေတဲ့ ပိုင်ဖြိုးသုကတော့ သရုပ်ဆောင် အလုပ်နဲ့ ပတ်သက်ပြီး သူမရဲ့ ရည်မှန်းချက်တွေကို ပြောပြခဲ့ပါတယ်။ 

Photo: Paing Phyo Thu



၁၉၉၈ ခုနှစ်တုန်းက ဒါရိုက်တာမောင်မျိူးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ “ အမေဆိုတာ တစ်ခါတုန်းက သမီးပါပဲ” ဆိုတဲ့ ဇာတ်ကားမှာ ကလေးသရုပ်ဆောင် အဖြစ် ပါဝင်ခဲ့သူကတော့ အကယ်ဒမီ ပိုင်ဖြိုးသု ပါ။ ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် “ အနောက်ဘက်က ထွက်တဲ့နေ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ နောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူမဟာ ငယ်စဥ်က သူမရဲ့ အနုပညာလှုပ်ရှားမှုလေးတွေအကြောင်းကို ယခုလို ပြောပြခဲ့ပါသေးတယ်။

“ သုသုက သရုပ်ဆောင် လောကထဲကို ကလေးသရုပ်ဆောင်အဖြစ် ၁၉၉၈ ခုနှစ်ကတည်းက စပြီးတော့ ဝင်ရောက်လာတာပါ။ ဒါရိုက်တာ ဦးမျိုးမင်း(ရင်တွင်းဖြစ်) ကတော့ သုသုရဲ့ လက်ဦးဆရာပေါ့နော်။ ဆရာ ရိုက်တဲ့ ‘ အမေဆိုတာ တစ်ခါတုန်းက သမီးပါပဲ’ ဆိုတဲ့ ဇာတ်ကားမှာ စပြီးတော့ သရုပ်ဆောင်တာပါ။ စစဦးဆုံးရိုက်တဲ့ ဇာတ်ကားက ဒရာမာ ဇာတ်ကားဖြစ်နေတာပေါ့။ စရိုက်တဲ့နေ့က ကင်မရာအရှေ့မှာ မတ်တပ်ရပ်ပြီး ငိုရတာ ပထမဆုံးပဲ။ ဒါလေးက သုသု ဘဝမှာ လုံးဝ မမေ့နိုင်စရာ အမှတ်တရလေးပါ။ အဲဒီကတည်းက နိမိတ် ဖတ်လိုက်သလိုပဲ ဒရာမာ ဇာတ်ကားလေးတွေ အရိုက်များတယ်။ ပြီးတော့ (၉) တန်းအရွယ်လောက်မှာ ကိုညိုမင်းလွင်ရိုက်တဲ့ “ အနောက်ဘက်က ထွက်တဲ့နေ’ ရုပ်ရှင်ဇာတ်ကားထဲမှာ ဆယ်ကျော်သက် ကောင်မလေး ကာရိုက်တာနဲ့လည်း သုသု သရုပ်ဆောင်ခဲ့ပါသေးတယ်” လို့ ဆိုပါတယ်။ 

Photo: Paing Phyo Thu

ပညာရေးကို အလေးထားလွန်းတဲ့ မိဘတွေ ကြောင့် (၁၀) တန်းကို ရောက်လာတဲ့ အချိန်မှာတော့ ပိုင်ဖြိုးသုဟာ ပညာရေးကို ဦးစားပေးခဲ့တာဖြစ်သလို တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး(၆) ဘာသာနဲ့ အောင်အောင်မြင်မြင် ဖြေဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ဆရာဝန်တစ်ယောက်ဖြစ်ဖို့ အတွက် ဆေးကျောင်းတက်ခဲ့တာ ဖြစ်ပြီး ဆေးကျောင်း နောက်ဆုံးနှစ် ရောက်မှသာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့ ပိုင်ဖြိုးသုက ပြောပါတယ်။ 

“ ၁၀ တန်းရောက်တဲ့ အချိန်မှာ အိမ်နဲ့ အပေးအယူလုပ်ရတယ်။ ၁၀တန်းပြီးလို့ သရုပ်ဆောင်အ လုပ်ပြန်လုပ်ချင်ရင် All D ထွက်အောင် ဖြေရမယ်ပေါ့။ ရုပ်ရှင်ကို ရူးသွပ်လွန်းတာကြောင့် ဇာတ်ကားမရိုက်ရရင် မနေနိုင်တဲ့ ကိုယ်က စာတွေအရမ်းကျက်ပြီး All D ထွက်အောင် ဖြေနိုင်ခဲ့ပါတယ်။ တကယ်လည်း ကံကောင်းချင်တော့ All D ထွက်ခဲ့တယ်။ ဒါပေမယ့် ဆေးကျောင်းတွေ တက်နေရတဲ့ အချိန်မှာ စာအလုပ်တွေနဲ့ မအားတော့ သုသု သရုပ်ဆောင်အလုပ်ကို အကြာကြီး နားလိုက်တယ်။ ဒါပေမယ့် ဆေးကျောင်း နောက်ဆုံးနှစ် Part 1 ရောက်တော့ ဦးမျိုးရိုက်တဲ့ ‘ စိုင်းစိုင်းကိုချစ်တယ်’ ဆိုတဲ့ ဇာတ်ကားမှာ ပထမဆုံး ခေါင်းဆောင်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တယ်။ ကိုယ့်ဆရာတွေနဲ့ ရိုက်ကူးရေးတွေ လုပ်နေရပေမယ့် အနုပညာပျိုးခင်း(၂) မှာ သရုပ်ဆောင်ပြိုင်ပွဲလုပ်တော့ သုသု သွားပြိုင်တယ်။ ကံကောင်းစွာနဲ့ပဲ ပျိုးခင်းက စင်တင်ပေးခဲ့တဲ့ မင်းသမီး (၃) ဦးထဲက တစ်ဦးဖြစ်လာတယ်။ အဲဒီနောက်မှာ ဇာတ်ကားတွေ သုသု အများကြီးရိုက်လာရတယ်” လို့ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ဂုဏ်ပြုစကားပြောရင်း သူ့ရဲ့ အတွေ့အကြုံတွေကို မျှဝေခဲ့တာပါ။ 

Photo: Paing Phyo Thu

ပိုင်ဖြိုးသုက အခုချိန်မှာတော့ အကယ်ဒမီဆုရ သရုပ်ဆောင် တစ်ဦးဖြစ်လို့နေပါပြီ။ သူမအနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုကို သက်တမ်းရှည်ကြာအောင် ထိန်းသွားချင်တဲ့ ရည်ရွယ်ချက်ရှိတယ်လို့ သိရပါတယ်။ အခုချိန်မှာ အနုပညာနဲ့ ပတ်သက်ပြီး သူမရဲ့ ကြိုးစားမှုတွေအပေါ် နောင်ဖြစ်လာမယ့် ရုပ်ရှင်ကိုချစ်တဲ့ ပရိသတ်လေးတွေရဲ့ အားပေးမှုကို ခံယူချင်တယ်လို့ ဆိုပါတယ်။ “သုသုရဲ့ ရည်မှန်းချက်က အဘွားကြီး ဖြစ်သွားတဲ့ အချိန်၊ ရုပ်ရှင်တွေ မရိုက်ရတော့တဲ့ အချိန်ကျရင် အဲဒီခေတ်မှာ ရှိလာမယ့် ကလေးတွေက သုသုရဲ့ ဇာတ်ကားတွေကို ပြန်ကြည့်တဲ့အခါ ဒီအဘွားကြီးက တော်တော်ကြိုးစားခဲ့တာပဲ ဆိုတာမျိုး မြင်စေချင်တယ်။ သရုပ်ဆောင် အလုပ်ကို အရမ်းရူးသွပ်တာပဲ ဆိုတဲ့ အမြင်ကို လိုချင်တယ်။ ဒါကြောင့် အခုချိန်မှာ အရမ်းကြိုးစားနေတယ်။ သရုပ်ဆောင် တစ်ယောက်ဆိုတာ ဘယ်လိုမှ ဖြည့်လို့ မကုန်ဘူးလို့ သုသုမြင်တယ်။ ကိုယ့်ရဲ့ စီနီယာ သရုပ်ဆောင်ကြီးတွေနဲ့ အတူတူ တွဲ သရုပ်ဆောင်တိုင်း သူတို့ဆီက ပညာ အသစ်တွေ အမြဲရတယ်။ လူတစ်ယောက်က အောင်မြင်ဖို့လွယ်တယ်၊ ဒီအောင်မြင်မှုက ရေရှည်တည်တံ့ဖို့၊ ပရိသတ်က ပေးတဲ့ လေးစားမှုကို ရဖို့ လုပ်ယူလို့ မရဘူး။ ကိုယ့်ရဲ့ ကြိုးစားမှု၊ နေထိုင်မှုတွေ ကြောင့်သာ အောင်မြင်မှုက ကာလကြာရှည်မယ်။ ဒါကြောင့် သုသု ချစ်တဲ့ သရုပ်ဆောင် အလုပ်ကို အကြာကြီး လုပ်ချင်လို့ နေ့တိုင်းကြိုးစားနေပါတယ်။ အဘွားကြီး ဖြစ်တဲ့ အချိန်ထိလည်း သုသု သရုပ်ဆောင် ခွင့်ရချင်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: RBV

ပိုင်ဖြိုးသုဟာ ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ 3 Girls ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ ကလေးဘဝကတည်းက ဖြတ်သန်းလာတဲ့ အနုပညာသက်တမ်းဟာ အခုဆိုရင် (၂၂) နှစ်ရှိလို့နေပါပြီ။ လက်ရှိ သူမရဲ့ အောင်မြင်နေတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ဒါရိုက်တာ ဏကြီးရိုက်ကူးတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံမှာရှိတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားပါ။ ပိုင်ဖြိုးသုဟာ ၂၀၁၈ ခုနှစ်ဇန်နဝါရီလ (၁) ရက်နေ့တုန်းက ချစ်သူဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း (၂) နှစ်ကျော် ကာလကို ရောက်ရှိလာပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က