လာမယ့် ၂၀၂၀ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးမိန့်ခွန်းကို နိုင်ငံပိုင်မီဒီယာက မထုတ်လွှင့်မီ ရွေးကောက်ပွဲကော်မရှင်က ဆင်ဆာဖြတ်တောက်မှုတွေ လုပ်ဆောင်ခဲ့အတွက် ဝေဖန်မှုတွေ မြင့်တက်လာတာကြောင့် ကော်မရှင်က မီဒီယာများနဲ့ တွေ့ဆုံစဉ်မှာ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ သတ်မှတ်ထားတဲ့စည်းမျဉ်းတွေနဲ့ ကိုက်ညီမှုရှိမရှိကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ငြိစွန်းမှုတွေရှိတဲ့ ပါတီတွေကိုသာ ဖြတ်တောက်မှုလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပါတီတွေရဲ့ ဟောပြောမှုကို နိုင်ငံတကာကလေ့လာစောင့်ကြည့်နေတယ်လို့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။
"ဒီလို ပြောရခြင်းက နိုင်ငံပိုင်မီဒီယာကနေ ပါတီတွေကို ဟောပြောခွင့်ပြုတယ်။နိုင်ငံရေးပါတီတွေကို ဒီလိုဟောပြောခွင့်ပြုတာက နိုင်ငံတကာကို ချပြတာ။ ကမ္ဘာကိုသိအောင် ကျွန်တော်တို့နိုင်ငံရေးပါတီတွေရဲ့ မူဝါဒ ၊ လုပ်ငန်းစဉ် ၊ သဘောထား ဒီလိုရှိပါတယ်ဆိုတာ ပြတာဖြစ်လို့ ပါတီတွေရဲ့ သိက္ခာကို မြှင့်တင်စေချင်တယ် ။ဒါကြောင့် သတ်မှတ်တယ် ။အပြင်မီဒီယာတွေမှာ ပြောလည်းပဲ သက်ဆိုင်ရာဝန်ကြီးဌာန စည်းမျည်းစည်းကမ်းနဲ့အညီပြောပါလို့ သတ်မှတ်ထားတယ်။မဲဆွယ်စည်းရုံးရင်လည်း ဘာမှကို မတားဘူး ဥပဒေ ၊ နည်းဥပဒေနဲ့အညီဖြစ်ရင် ။ အဲဒါကြောင့် တင်ပြလာတာတွေကို ငြိလားမငြိလား စစ်ဆေးပြီး ဖြုတ်ချတာ ရှိပါတယ် ။ ဖြုတ်တာတော့ များတယ် ။ ဒါပေမယ့် သုံးပါတီလောက်ပဲ နိုင်ငံပိုင်မီဒီယာကနေ မဟောဘူး ။ ၂၀၁၅တုန်းကလည်း ဒီလိုပဲရှိတယ် ။ ဒါကို မရှင်းလင်းတာ ဖြစ်တယ် ။ ကောင်းကောင်းမွန်မွန်ပြရင် ဖျက်စရာမလိုဘူး ။ တစ်ချို့ပါတီတွေရဲ့ တင်ပြတာတွေ ရှင်းရှင်းလင်းလင်းဖြစ်တယ် သိပ်ကောင်းတယ် ။ဒါကို ဖြစ်စေချင်တဲ့ သဘောပါ ။ အဲဒါကို ရှင်းရှင်းလင်းလင်းသိစေချင်တယ် " လို့ ဦးမြင့်နိုင်က မီဒီယာများနဲ့တွေ့ဆုံစဉ်ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒီလိုဖြေရှင်းမှုနဲ့ပတ်သက်ပြီး မိန့်ခွန်းဆင်ဆာဖြတ်တောက်ခံရတဲ့အတွက် နိုင်ငံပိုင် မီဒီယာကနေ ဟောပြောခြင်းမပြုလုပ်ခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကော်မရှင်က ထောက်ပြတဲ့ နိုင်ငံတကာက စောင့်ကြည့်နေခြင်းကို သိရှိထားပြီးဖြစ်သလို ဒီလိုဆင်ဆာဖြတ်တောက်ခြင်းက ဒီမိုကရေစီစံချိန်စံညွှန်းတွေကို ချိုးဖောက်တာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
" ကျိန်းသေတာတော့ သူတို့နဲ့ဘာမှ မဆိုင်ဘူး ။ သူတို့အလုပ်လည်း မဟုတ်ဘူး ။ ပြောတဲ့ဆိုတဲ့ကိစ္စတွေက ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့မညီလို့ ပယ်တယ်ဆိုလည်း ပယ်လို့ရတယ် ။ ပြောဆိုတဲ့ကိစ္စတွေက တစ်ခုမှ ငြိတာမရှိဘူး ။ နောက်ပြီး နိုင်ငံရေးပါတီတွေရဲ့ ဟောပြောမှုပြုလုပ်တဲ့အခါ အဓိကက မဲဆန္ဒရှင်ပြည်သူတွေကို ရည်ရွယ်တာပေါ့ ။ တပြိုင်တည်းမှာပဲ နိုင်ငံတကာမှာရှိတဲ့သူတွေက ဒီနိုင်ငံရေးပါတီတွေရဲ့အမြင်တွေ သဘောထားတွေကို သူတို့လေ့လာကြမှာပဲ ။ ဒီအခြေအနေတွေကို မသိဘဲ ဘယ်နိုင်ငံရေးပါတီကမှ မလုပ်ဘူး ။ အဲဒီတော့ ရိုးရိုးလေးပြောချင်တာက သူတို့နဲ့မဆိုင်ပါဘူး ။ သူတို့အလုပ်လည်းမဟုတ်ဘူး ။ သူတို့က စာပေစိစစ်ရေးလည်း မဟုတ်ဘူး ။ အခြေခံအားဖြင့် နိုင်ငံရေးပါတီတစ်ခုက သူပြောချင်တဲ့ အကြောင်းအရာ ၊ ဆိုချင်တဲ့ကိစ္စတွေကို လွတ်လွတ်လပ်လပ်ပြောခွင့် ဆိုခွင့်ရှိတယ် ။ ပြောလို့ရတယ် ။ အဲဒီအခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ် UEC က ။ နိုင်ငံရေးပါတီတစ်ခုရဲ့ လွတ်လပ်စွာပြောဆိုခွင့် စည်းရုံးခွင့်ချိုးဖောက်တဲ့အတွက် မေးခွန်းထုတ်ရမယ် ။ ကျိန်းသေတာတော့ ဒီမိုကရေစီ စံချိန် စံညွှန်းတွေကို ကနေ့ UEC က ချိုးဖောက်တာဖြစ်တယ်လို့ပဲ ပြောချင်တယ်။"လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီရဲ့မူဝါဒထဲက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့သက်ဆိုင်တဲ့ အချက်အချို့ ဖြတ်တောက်ခံရပေမယ့်လည်း နိုင်ငံပိုင်မီဒီယာကနေ ဟောပြောမှုပြုလုပ်ခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါက်တာသက်သက်ခိုင်က ကော်မရှင်ရဲ့ ဒီလိုလုပ်ဆောင်မှုဟာ ဒီမိုကရေစီကို သစ္စာဖောက်တဲ့လုပ်ရပ်ဖြစ်ပြီး စည်းကျော်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
နိုင်ငံပိုင်မီဒီယာကနေ မဲဆွယ်မိန့်ခွန်းဟောပြောမှုပြုလုပ်ခဲ့တဲ့ ကရင်အမျိဲးသားဒီမိုကရက်တစ်ပါတီကတော့ သူတို့အနေနဲ့ ကော်မရှင်က သတ်မှတ်ထားတဲ့ စည်းကမ်းဘောင်ထဲကနေ ဟောပြောခဲ့တာဖြစ်လို့ ဆင်ဆာဖြတ်တောက်မှုမရှိခဲ့ပေမယ့်လည်း နိုင်ငံရေးပါတီတွေရဲ့ ဟောပြောမှုဟာ လွတ်လွတ်လပ်လပ်ဖြစ်သင့်တယ်လို့ ဆိုပါတယ်။
" ကျွန်တော်တို့ပါတီတော့ ဆင်ဆာဖြတ်ခံရတဲ့အပိုင်းမတွေ့ရပါဘူး ။ မူဝါဒအတိုင်းဟောပြောတယ် ။ သူတို့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းရှိတာကိုး။အဲဒီဘောင်ထဲကပဲ ပြောဆိုလိုက်တော့ အဲဒီကိစ္စတော့မရှိဘူး။ဒါပေမယ့်လည်း အချင်းချင်းကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့မူဝါဒ ကိုယ့်ရဲ့ဟောပြောမှုကတော့ လွတ်လွတ်လပ်လပ်ဖြစ်သင့်တယ်လေ ။ ပါတီမဲဆွယ်စည်းရုံးတယ်ဆိုတာ ကိုယ့်ရဲ့သဘောထားကို ပြည်သူလူထုကို တင်ပြတာ ။ ခက်တာက ကော်မရှင်ကလည်း ကန့်သတ်ချက်တွေနဲ့ ပိတ်ထားတော့ ဟောပြောရတာ အကန့်အသတ်ရှိနေတာပေါ့ " လို့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူး(၁) စောမြင့်ထွေးက Duwun ကို ပြောပါတယ် ။
နိုင်ငံရေးပါတီတွေ ဟောပြောမယ့် မူဝါဒ ၊ သဘောထား ၊လုပ်ငန်းစဉ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်မှုတွေ လုပ်ဆောင်နေပြီး ဒီလိုဖြတ်တောက်ခံခဲ့ရတဲ့ နိုင်ငံရေးပါတီတွေကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၊ ထားဝယ်တိုင်းရင်းသားများပါတီ ၊ ပြည်သူ့ပါတီ ၊ ရခိုင်အမျိုးသားပါတီ ၊ ရခိုင့်ဦးဆောင်ပါတီ ၊ ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီ ၊ ပြည်သူ့ရှေ့ဆောင်ပါတီ နဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဖြစ်တယ်လို့ သိရပါတယ်။
Share