၂၀၂၀အထွေထွေရွေးကောက်ပွဲကို ဦးဆောင်ကျင်းပမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ အဓိပ္ပါယ်နဲ့ သဘောထားအပေါ် နိုင်ငံရေးပါတီများ ၊ ကိုယ်စားလှယ်လောင်းများနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်မှုပြောဆိုမှုတွေရှိနေပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်တွေအနေနဲ့ မိမိဆန္ဒမဲပေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကို မဲပေးရွေးချယ်နိုင်ပြီး ဒီရွေးချယ်မှုရဲ့ ရလဒ်ကို ကော်မရှင်က ကြေညာပေးမှာဖြစ်လို့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမယ်လို့ ပြောကြားခဲ့တာပါ။
" မဲပေးတဲ့နေရာမှာ မဲဆန္ဒရှင်တွေက သူကြိုက်တဲ့ ကိုယ်စားလှယ်လောင်းကို သူ့ဘာသာသူ မဲရုံမှာဖြစ်စေ ၊ ကြိုတင်မဲဖြစ်စေ သူကြိုက်တဲ့ ကိုယ်စားလှယ်လောင်းကို ဆန္ဒပြုကြမယ် ၊ ပြုခွင့်ရမယ် ပေးခွင့်ရမယ် ။ သူတို့ဆန္ဒပေးလိုက်တဲ့အတိုင်းပဲ UEC က ထုတ်ပြန်ကြေညာပေးလိုက်နိုင်တယ်ဆိုရင် ဒါဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကြီးပဲ ဖြစ်မှာပဲ ။ ဒါကြောင့် ကျွန်တော်တို့ မဲဆန္ဒရှင်တွေကို လွတ်လွတ်လပ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်အောင် ၊ ဘေးကင်းလုံခြုံစွာဆန္ဒမဲပေးနိုင်အောင် ၊ Covid-19 ဖြစ်ပွားနေသော်လည်း လိုအပ်တဲ့အစီအမံတွေ ချမှတ်ပြီးပြီ ။ စိတ်ချလက်ချ လာပါ ။ ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်ကို ထောက်ခံပါ ။ ပယ်မဲမဖြစ်ပါစေနဲ့ ။ အဲဒီလက်မှတ်ကို ထုတ်ဖော်ကြေညာပါမယ် ။ ဒါဆို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်လာပါလိမ့်မယ် " လို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့တာပါ။
ဒီပြောကြားမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အရေးအကြီးဆုံး နိုင်ငံဖြစ်စဉ်ဖြစ်တဲ့ ရွေးကောက်ပွဲရဲ့ လွတ်လပ်ပြီး တရားမျှတမှုအပေါ် ကော်မရှင်ရဲ့ သဘောထားဟာ အလွန်အံ့အားသင့်စရာဖြစ်တယ်လို့ တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းက ပြောပါတယ်။
" ရွေးကောက်ပွဲမတိုင်မီ ၊ ရွေးကောက်ပွဲနေ့ ၊ ရွေးကောက်ပွဲအပြီး ကာလသုံးပါးရှိတယ် ။ ကာလသုံးပါးစလုံးကို ကြည့်ပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဆိုတာကို ဒီမိုကရေစီနိုင်ငံတွေမှာ အဓိပ္ပါယ်ဖွင့်ဆိုကြတယ် ။ အခု UECရဲ့ ပြောကြားချက်ကတော့ ဒီမိုကရေစီနိုင်ငံတွေရဲ့ စံနှုန်းတွေနဲ့တော့ ကျွန်တော်တို့ အမြင်မှာ မကိုက်ညီဘူး ။ကျွန်တော်တော့ အံ့အားသင့်တယ် ။ ဘာလို့လဲဆိုတော့ ဒီရွေးကောက်ပွဲကို ကျင်းပနေတဲ့ UEC က ကျွန်တော်တို့အမြင်မှာတော့ ဒီနိုင်ငံရဲ့ အရေးအကြီးဆုံး နိုင်ငံရေးဖြစ်စဉ်ကို တာဝန်ယူထားတဲ့သူ ဖြစ်တယ် ။ ရွေးကောက်ပွဲဆိုတာ ကျွန်တော်တို့နိုင်ငံမှာ အရေးကြီးဆုံး နိုင်ငံရေးဖြစ်စဉ်ပဲ။ဒါကို ဒီလိုအဓိပ္ပါယ်ဖွင့်ဆိုတာ ကျွန်တော်တို့ကို တော်တော်လေးအံ့အားသင့်စေတယ် ။ နောက် ဒုတိယအချက်က အဲဒီလိုဖွင့်ဆိုပြီး ဆောင်ရွက်နေမယ်ဆိုရင်လည်း ဝိရောဓိဖြစ်စရာတွေ ၊ မေးခွန်းထုတ်စရာတွေ နောက်ဆက်တွဲကြုံလာရနိုင်တယ် " လို့ တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းက ပြောပါတယ်။
လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် လက်ရှိမြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းမှုကနေ စတင်ပြင်ဆင်ရမှာဖြစ်ပြီး ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပေါ်အမြင်သဘောထားတွေဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ ဝေးကွာနေတယ်လို့ SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူက ဝေဖန်လိုက်ပါတယ်။
" လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာ UECရဲ့ အခန်းကဏ္ဍက အရေးကြီးတယ် ။ UEC ဆိုတဲ့အဖွဲ့အစည်းဟာ နိုင်ငံတကာမှာဆိုရင် အင်မတန်မှကို လွတ်လပ်တဲ့အဖွဲ့အစည်း independent body ဖြစ်ရမယ် ။ ကျွန်တော်တို့နိုင်ငံမှာ စတင်ဖွဲ့စည်းကတည်းကိုက အဲဒီပုံစံမဖြစ်ဘူး ။ အဲဒီကနေ စပြင်ရမှာဖြစ်တယ် ။ ဒီလိုဖြစ်လာတဲ့ UEC က ရွေးကောက်ပွဲအပေါ်မြင်တဲ့ သဘောထားတွေကလည်း နိုင်ငံတကာစံချိန်စံနှုန်းတွေနဲ့ တော်တော်ဝေးကွာပါတယ်။တရားမျှတသလား လွတ်လပ်သလားဆိုတာ တရားဝင်မှုတွေကို စဉ်းစားတဲ့အချိန်မှာ ရွေးကောက်ပွဲလုပ်နေတဲ့ အချိန်လေးတစ်ခုပဲပြောလို့မရဘူး ။ မဲလာပေးတယ် မဲပေးတဲ့အတိုင်းကြေညာပေးမယ်ဆိုတာလောက်နဲ့ ကော်မရှင်ရဲ့ အလုပ်ဖြစ်နေရင် ဒါလုံးဝလွဲချော်နေပြီ " လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ရဲ့ တွဲဖက်အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်က Duwun ကို ပြောပါတယ်။
ရွေးကောက်ပွဲမတိုင်မီကာလ ၊ ရွေးကောက်ပွဲနေ့ ၊ ရွေးကောက်ပွဲအပြီးကာလ ကာလသုံးပါးစလုံးရဲ့ ဖြစ်စဉ်အားလုံးကို ခြုံငုံသုံးသပ်မှသာ လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲအဖြေကို သုံးသပ်နိုင်မှာဖြစ်ပြီး လက်ရှိမဲဆွယ်စည်းရုံးရေးကာလရဲ့ ကပ်ရောဂါအခြေအနေနဲ့ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှုတွေကို ကော်မရှင်ရဲ့ အရေးယူဆောင်ရွက်ခြင်းရှိမရှိကို မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က Duwun ကို ပြောပါတယ်။
လာမယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာတော့ မြန်မာတစ်နိုင်ငံလုံး ဆန္ဒမဲပေးခွင့်ရှိသူ ၃၇သန်းကျော်ရှိနေတာဖြစ်ပြီး ကော်မရှင်က ဖျက်သိမ်းခဲ့တဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီနဲ့ ကိုယ်စားလှယ်လောင်းများပါဝင်ခြင်းမရှိဘဲ နိုင်ငံရေးပါတီ ၉၂ခုက ကိုယ်စားလှယ်လောင်း ၅၀၀၀ကျော် နဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၂၀၀ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Share