ဦးကျော်သူအဖို့ အဖော်ပြုဖို့ လူတစ်ယောက်လိုလာချိန်မှာ သရုပ်ဆောင် ထွန်းကိုကိုက သူကိုယ်တိုင် လိုက်ပြီး ပြုစုပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
Photo : ဒေါ််််ဇီးကွက်
ဦးကျော်သူနဲ့ အတူတူ ပရဟိတအလုပ်တွေကို အတူတူလုပ်ဆောင်နေတဲ့ သရုပ်ဆောင် ထွန်းကိုကိုကတော့ ကိုဗစ် Positive ဖြစ်နေတဲ့ ဦးကျော်သူကို ပြုစုဖို့ ဝေဘာဂီဆေးရုံအထိ လိုက်သွားခဲ့ပါတယ်လို့ သိရပါတယ်။
"တသက်လုံး အဖော်နဲ့အပေါင်းနဲ့မှ နေတတ်တဲ့ ကိုကျော်သူ့ကို အဖော်ပြုလိုက်ဖို့ လူတစ်ယောက်လိုအပ်လာတာမှာ ထွန်းကိုကိုက သူလိုက်မယ်ဆိုပြီး အဆိုပြုပြီးလိုက်သွားလေရဲ့။ ပထမတော့ သူတို့အုပ်စုရယ် အိမ်ကကလေးရယ်တို့ကို swab test ယူပြီး positive ဖြစ်တဲ့သူလိုက်မယ်လို့ စီစဉ်နေကြတာမှာ ကိုကျော်သူက ဒီညနေဘဲသွားတော့မယ်ဆိုတော့ ထွန်းကိုကိုက ဘာမှမစစ်ရသေးခင်မှာဘဲ လိုက်သွားပါလေရော။ ကျေးဇူးတင်လိုက်တာသားရယ်။ တကဲ့ရဲဘော်ရဲဘက်စိတ်ဓါတ်ကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရလို့ သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။ နှစ်ယောက်စလုံးဘေးကင်းပြီး အများအကျိုးကို ဆက်လက်သယ်ပိုးနိုင်ကြပါစေ”ဆိုပြီး ဦးကျော်သူရဲ့ ဇနီး ဒေါ်ဇီးကွက်က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
Photo : ဒေါ််််ဇီးကွက်
Duwun media အနေနဲ့ ဦးကျော်သူကို ပြုစုစောက်ရှောက်ဖို့ လိုက်သွားခဲ့တဲ့ သရုပ်ဆောင် ထွန်းကိုကိုနဲ့ ဆက်သွယ်ကြည့်ရာ ဦးကျော်သူအတွက် လိုအပ်တာတွေ လုပ်ဆောင်ပေးနေတာကြောင့် အကြောင်းစုံကို ဖြေဆိုပေး လို့မရကြောင်း ထွန်းကိုကိုက ပြန်လည်ပြောပြခဲ့ပါတယ်။
မြင့်မြတ်လှတဲ့ ထွန်းကိုကိုရဲ့ စိတ်ဓာတ်ကို ပရိသတ်တွေကလည်း လေးစားဂုဏ်ယူလို့နေကြပါတယ်။
ထွန်းကိုကိုက COVID-19 ကာလအတွင်းမှာလည်း နာရေးကူညီမှု အသင်း(ရန်ကုန်) မှာ ဈာပန သယ်ယူပို့ဆောင်ရေး၊ မီးငြိမ်းသတ်ပေးခြင်း၊ COVID-19 ရောဂါပိုးတွေ့ရှိသူတွေကို ဆေးကုသရေးနေရာသို့ ပို့ဆောင်ပေးခြင်းတို့ အပြင် ကိုဗစ်ကာလမှာ ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေသူ တစ်ဦးပါ။
Photo : ဒေါ််််ဇီးကွက်
ထွန်းကိုကို ( Yanpaing Tun Ko)ဟာ မိန်းကလေး ပရိသတ်များစွာ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရသူပါ။ ၂၀၁၃ ခုနှစ်တုန်းက ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia New Star Model Contest ပြိုင်ပွဲမှာWinner ဆု ရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပရိသတ်တွေ စတင် သတိထားမိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ ကနေတဆင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု ပိုမိုရရှိလာတာဖြစ်ပါတယ်။