အောက်တိုဘာလ ၂၁ ရက်နေ့ည(၈)နာရီထုတ်ပြန်ချက်အရ (၅၇)ဦးထပ်တိုးခဲ့ပါတယ်။

မင်္ဂလာဒုံစက်မှုဇုန်က၊ မှန်ဘီလူးစက်ရုံ (Myanmar Asia Optical) မှာ ကိုဗစ်အတည်ပြုလူနာ ၃၇ဦးထပ်တိုးတွေ့ရှိတာကြောင့်အခုဆိုရင် ရောဂါကူးစက်ခံရတဲ့အလုပ်သမားပေါင်း ၄၀၀ကျော်အထိ ရှိလာနေပြီဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းဆီကသိရပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်တဲ့ အောက်တိုဘာ၂၀ရက်နေ့စာရင်းအရ ကိုဗစ်အတည်ပြုလူနာစာရင်းမှာ မင်္ဂလာဒုံမြို့နယ်က ကိုဗစ်ပိုးတွေ့သူ ၈၅ ဦးရှိပါတယ်။ အဲ့ဒီအထဲမှာ မှန်ဘီလူးစက်ရုံက အလုပ်သမား ၃၇ ဦးပါဝင်နေတာဖြစ်ပြီး ခုဆိုရင်မှန်ဘီလူးစက်ရုံမှာ အလုပ်သမား ၄၀၀ ကျော်အထိ ပိုးကူးစက်ခံထားရပြီဖြစ်ပါတယ်။ ဒါ့အပြင် မှန်ဘီလူးစက်ရုံကနေ နေရပ်ဒေသကို ပြန်သွားခဲ့ကြတဲ့ စက်ရုံအလုပ်သမားတွေမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရတာကို တွေ့ရှိရတယ်လို့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းကျန်းမာရေးဦးစီးဌာနရဲ့ထုတ်ပြန်မှုအရသိရပါတယ်။



“အောက်တိုဘာ ၂၀ရက်နေ့ ညနေ မှာ မှန်ဘီလူးစက်ရုံက မိန်းကလေး ၃၆ ယောက်နဲ့ ယောကျ်ားလေး တစ်ယောက်ပေါင်း ၃၇ ယောက်တိုးတယ်။တွေ့တဲ့သူတွေကို စိစစ်ပြီးတော့ ကွာရန်တင်းစင်တာတွေကိုပို့ပါတယ်။ စက်ရုံထဲမှာ ပထမအစက ၃၀၀၀ လောက်ရှိတယ်။ခုနောက်ပိုင်းတော့ အဲ့လောက်ရှိချင်မှရှိတော့မယ်။ စက်ရုံထဲမှာကတော့ ပထမထဲက အဆောင်နေတယ်။ စက်ရုံက အဆောင်ပေးတယ်။ပိုးတွေ့သူတွေထဲမှာ ရောဂါပျောက်ကင်းလို့ ဆင်းခွင့်ရရှိသူတွေရှိတယ်။တစ်ယောက်ချင်းကို ကျန်းမာရေးဌာနက ကိုင်တွယ်နေပါတယ်။ မနေ့ကဆို ၂၀၃ ယောက်ကို စစ်တယ်။ ပထမက စက်ရုံကအလုပ်သမားတွေကို ပြန်လွှတ်လိုက်ရင် ရပ်ကွက်ထဲတွေ တအားပြန့်သွားမှာစိုးရိမ်လို့ပါ။ သူတို့ကို ပစ်ထားတာလဲမဟုတ်ပါဘူး။ စားဖို့သောက်ဖို့လည်း တတ်နိုင်သလောက်လုပ်ပေးပါတယ်။”လို့ ဦးအောင်လှိုင်ဝင်းကပြောပါတယ်။

လက်ရှိစက်ရုံဝန်းထဲမှာ အလုပ်သမား(၂၀၀၀) လောက်ရှိနေပြီး ရောဂါလက္ခဏာမပြသူ၊ အနံ့ပျောက်သူတွေကို သီးခြားခွဲထားရှိကြောင်းနဲ့ ၊ ကိုဗစ်ပိုးရှိ/မရှိကို နေ့စဉ်စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ အောက်တိုဘာလ ၂၁ ရက်နေ့မှာဆိုရင် အလုပ်သမား ၂၀၀ ကျော်ကို swab ယူထားတယ်လို့သိရပါတယ်။ အောက်တိုဘာလ ၂၁ ရက်နေ့ည(၈)နာရီထုတ်ပြန်ချက်အရ (၅၇)ဦးထပ်တိုးခဲ့ပါတယ်။

“ဝန်ထမ်းတွေထဲမှာ Qဝင်နေတဲ့သူတွေကို ဦးစားပေးပြီးတော့ swab စစ်နေတယ်။ ဒီနေ့နဲ့ မနေ့က ၃၀၀ ကျော်။ စက်ရုံဝန်းထဲမှာ အနံ့မရသူတွေကို Q ထည့်ထားတာတွေရှိတယ်။ အထဲမှာ ရောဂါဘာမှလက္ခဏာမပြတဲ့သူတွေလည်းရှိတယ်။အဲ့ဝန်ထမ်းတွေကိုလည်းစစ်မယ်ပြောတယ်။ အပြင်ရောက်တဲ့သူတွေကိုလည်း လာပြီးတော့စစ်ဖို့ ခေါ်နေတယ်။ အစ်ကိုတို့လည်း သိပ်မသေချာဘူး။ သွားစစ်မယ်လို့ တွေးထားတယ်။စက်ရုံဝန်းထဲမှာ အခန်းတစ်ခန်းမှာ လူက ၁၂ ယောက် လောက်ရှိတယ်။  ၁၀ ပေ ၁၂ ပေလောက်အခန်းထဲမှာပေါ့။ လူတွေကစုပြုံပြီးနေရတဲ့အနေအထားရှိတယ်။ ထမင်းစားချိန်ကျ ပါးစပ်အုပ်က မချွတ်လို့မရတော့ဘူး။ အဲ့အချိန်မှ ချွတ်စားရတယ်။ခုဆို နယ်ကိုပြန်တဲ့သူတွေထဲလည်း ပိုးတွေ့တဲ့သူများတယ်။”လို့ အဲ့ဒီမှန်ဘီလူးစက်ရုံက မှ စက်ပြင် Leader ဖြစ်သူက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ မင်္ဂလာဒုံမြို့နယ်က မှန်ဘီလူးစက်ရုံ အလုပ်သမားတစ်ဦးမှာ ကိုဗစ်ပိုးကူးစက်ခံထားရတာကိုသိရှိခဲ့ရတာဖြစ်ပါတယ်။ ခုဆိုရင် ရက်ပေါင်း ၂၄ ရက်အတွင်းမှာ ပိုးတွေ့လူနာ ၄၀၀ ကျော်အထိ ကူးစက်မှုရှိလာတာဖြစ်ပါတယ်။ အဲ့ဒီ မှန်ဘီလူးစက်ရုံမှာ အလုပ်သမားပေါင်း ၅၀၀၀ လောက်ရှိပြီး စက်ရုံကို လော့ဒေါင်းပြုလုပ်ထားတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က