ပြည်နယ်နဲ့တိုင်းဒေသကြီး ၆က နယ်မြေတွေကို ကြေညာခဲ့တာနဲ့ပတ်သက်ပြီး တိုင်းရင်းသားပါတီတွေ ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။

လာမယ့်၂၀၂၀ရွေးကောက်ပွဲမှာ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေတွေနဲ့ပတ်သက်ပြီး ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တဲ့အပေါ် UEC ရဲ့ ရှင်းလင်းချက်နဲ့ လက်ရှိမှာ ပြန်လည်သုံးသပ်နေပြီး ကျင်းပနိုင်တဲ့အခြေအနေရှိတဲ့အခါ ဒီဒေသတွေကို ရွေးကောက်ပွဲပြန်လည်လုပ်ဆောင်ပေးမယ်ဆိုတဲ့ပြောဆိုချက်အပေါ် တိုင်းရင်းသားပါတီတွေက ဝေဖန်ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာန နဲ့ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေရဲ့ သဘောထားသုံးသပ်ချက်ကို နှစ်ကြိမ်တိုင်တိုင်ရယူပြီး ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေကို ကြေညာခဲ့တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားထားပါတယ်။



" UECဘက်ကပြောတာက သက်ဆိုင်ရာနယ်မြေဒေသမှာရှိတဲ့ တာဝန်ရှိသူတွေ ၊ နောက်ပြီးကာကွယ်ရေးဝန်ကြီးဌာနတို့ ၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ နောက်ပြီး ထူးထူးခြားခြား အစိုးရရဲ့ သဘောထားမှတ်ချက်ပါ ယူတယ်ဆိုတော့ နည်းနည်းတော့လွဲတယ်ဗျ။မြို့နယ် ၊ ခရိုင် ၊ ရပ်ကျေးအဆင့်ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ် ။ ဒါပေမယ့် ပြည်ထောင်စုအစိုးရရဲ့ သဘောထားမှတ်ချက်ကို ယူစရာမလိုဘူးဗျ ။ သူကအစိုးရလေဗျာ ပါတီတစ်ခုကနေ ဖြစ်လာတဲ့ အစိုးရပဲဗျ ။ အဲဒီဟာ တစ်ချက်လွဲတယ်လို့ မြင်တယ် ။ နောက်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနက ပြန်ဖြေတာက သူတို့တိုက်တွန်းထားတဲ့အတိုင်း မဟုတ်ပါဘူးလို့လည်း ပြောပြန်တယ် ။ သူတို့တိုက်တွန်းချက်နဲ့ အခုထုတ်ပြန်ချက်က ကွဲလွဲပါတယ်ပြောတယ် " လို့ SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်က Duwun ကိုပြောပါတယ်။

လက်ရှိကြေညာထားတဲ့ နယ်မြေတွေကို ရွေးကောက်ပွဲပြန်လည်ကျင်းပေးမယ်လို့ ကော်မရှင်ရဲ့ ပြောဆိုမှုဟာ အလွယ်တကူဖြေဆိုလို့ရတဲ့ အခြေအနေမဟုတ်ဘဲ ဒီဆုံးဖြတ်ချက် တွေကြောင့် ပြောင်းလဲသွားတဲ့ ရလဒ်တွေအပေါ် တာဝန်ယူမှု ၊ တာဝန်ခံမှုရှိရမယ်လို့ စိုင်းကျော်ညွန့်က သုံးသပ်ထားပါသေးတယ်။

" ကျင်းပနိုင်တဲ့အခြေအနေရှိရင် ကျင်းပပေးမယ်ဆိုတာ ဘယ်အချိန်လဲ တိတိကျကျမပြောဘူး ။ မပြောတော့ တပြိုင်နက်ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲဆိုတာ ကြားဖြတ်ရွေးကောက်ပွဲနဲ့ မတူဘူး ။ အထွေထွေရွေးကောက်ပွဲက အစိုးရတစ်ရပ်ကို တင်မြောက်တဲ့ရွေးကောက်ပွဲဖြစ်တယ်။အဲဒီအစိုးရကို တင်မြှောက်တဲ့ရွေးကောက်ပွဲတိုင်းမှာ ပြည်ထောာင်စုအဆင့်မှာရှိတဲ့ အမျိုးသားလွှတ်တော်နဲ့ပြည်နယ်လွှတ်တော်ရဲ့ မဲတစ်မဲတိုင်းဟာ အင်မတန်အရေးပါတယ်။အဲဒါကို ထည့်သွင်းစဉ်းစားပါသလား။ အစိုးရဖွဲ့ပြီးမှ ပြန်ပြီးကျင်းပတာနဲ့ အစိုးရမဖွဲ့ခင်ကျင်းပတာ မတူပါဘူး။အင်မတန်အဓိပ္ပါယ်ကွဲလွဲပါတယ် ။ အလွယ်တကူဖြေလို့မရဘူး။ မလိုအပ်ဘဲ ရွေးကောက်ပွဲတွေ ၊ အောက်ခြေကနေ တင်ပြခြင်းမရှိတာတွေ ။ ရှမ်းပြည်မှာဆို မိုင်းကိုင်ရှိတယ်။အခြားမြို့နယ်က ကျေးရွာအုပ်စုတွေရှိတယ် ။ အောက်ခြေမှာ ဘာမှမဖြစ်ဘဲ သူတို့ရဲ့ တလွဲဆုံးဖြတ်ချက်တွေက ဒီရလဒ်တွေကို ပြောင်းလဲနိုင်တယ် ၊ ဒီလိုပြောင်းလဲတယ်ဆိုတာနဲ့ အစိုးရဖွဲ့စည်းမှုကိုပါ သွားထိခိုက်ပါတယ်။အဲဒါတွေကို တာဝန်ယူ တာဝန်ခံရမှာ UEC ဖြစ်ပါတယ် " လို့ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်က Duwun ကို ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ဒေသအဖြစ် ကြေညာချက်မှာပါဝင်တဲ့ ကချင်ပြည်နယ် ဒေသအချို့နဲ့ပတ်သက်လို့ UEC အနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အားထုတ်ခြင်း မရှိခဲ့တဲ့အပေါ် စိတ်ပျက်မိသလို အာဏာရအစိုးရအနေနဲ့လည်း ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းတလျှောက် အနိုင်ရဖို့ပဲ ပြင်ဆင်နေခဲ့တယ်လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ ပြောရေးဆိုခွင့်ရှိသူ နော်ခုန့်@ဂျန်ခုန့်က Duwun ကိုပြောပါတယ်။

လက်ရှိ ကော်မရှင်က ကြေညာထားတဲ့နယ်မြေမှာ ပါဝင်တဲ့ ကျေးရွာတွေဟာ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ လူထုကပုံမှန်သွားလာလှုပ်ရှားနေတဲ့အရပ်တွေဖြစ်တယ်လို့ ကချင်အမျိုးသား ကွန်ဂရက်ပါတီက ပြောပါတယ်။ ဒါ့အပြင် လက်ရှိအနေအထားအရ လူထုအတွက် အန္တရာယ်ရှိမှုဟာ ကချင်ပြည်နယ်ထက် ရန်ကုန်တိုင်းဒေသကြီးက ပိုမိုစိုးရိမ်ရတဲ့အနေအထားဖြစ်တဲ့အတွက် ဒီအချက်က စဉ်းစားစရာဖြစ်တယ်လို့ ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌ Mကောန်လက ပြောပါတယ်။

" အခုသူတို့ကြေညာထားတဲ့ထဲက ဒီမှာ တိုက်ပွဲမရှိဘူး ။ မိုင်းကွင်းမရှိဘူး ။ ကျေးရွာလူထုက အေးဆေးပဲ ။ သွားလာလို့ရတယ် ။ ဘာမှဖြစ်မနေဘူး ။ အဲဒါကို မကျင်းပဘူးဆိုတော့ ဘယ်အခြေအနေပေါ်မှာ မူတည်ပြီး သူက နေရာဆုံးဖြတ်ချက်ပေးလဲ ။ အစိုးရကပြောတိုင်း တပ်မတော်ကပြောတိုင်းလည်း သူတို့လုပ်စရာမလိုပါဘူး သူတို့စဉ်းစားရမှာ ။ သူတို့အထက်မှာဘယ်သူမှမရှိဘူးလေ ။ အဲဒီ concept က လွဲနေသလားလို့ ။မျှခြေစဉ်းစားမှုမှာ ကချင်ပြည်နယ် ၁၉၂ ရွာမှာ တိုက်ပွဲမရှိသလောက်ပဲ ။ ရှိလည်း တိုက်ပွဲဖြစ်လို့ သေတဲ့ရာခိုင်နှုန်းထက် မိုင်းထိလို့သေတဲ့နှုန်းထက် ရန်ကုန်တိုင်းလိုမျိုး ကိုဗစ်သေနှုန်းနေ့စဉ်တက်နေတာက တရားဝင်ကြေညာတာ ရှိသလို အိမ်ထဲမှာ သေသွားတာတွေ အများကြီး ။ အဲဒါတွေ ကောင်းကောင်းသိတယ် ။ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ကချင်ရွာတွေ ထက်စာရင် ရန်ကုန်တိုင်းက ပိုပြီးအန္တရာယ်ဧရိယာဖြစ်တယ် ။ အရမ်းကို စိုးရိမ်ရမယ့်အနေအထားမျိုး ။ ကူးလည်းကူးစက်တယ် ။ သေလည်းသေတယ်။ဘယ်ဟာက ပိုအန္တရာယ်ကြီးလဲ ။ ဒီနေရာတွေပိတ်ရင် ရန်ကုန်လည်းပိတ်ရမယ်လေ ။ ဒါ စဉ်းစားစရာပဲ ။ တရားမျှတမှု ၊ လွတ်လပ်တဲ့ဆုံးဖြတ်မှုတွေမှာ အနှောင့်အယှက်ရှိနေတယ်လို့ပဲ မြင်တယ် " လို့ ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌ Mကောန်လက Duwunကို ပြောပါတယ်။

၂၀၂၀ရွေးကောက်ပွဲအတွက် မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေတွေအဖြစ် ကချင်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ ရှမ်းပြည်နယ် နဲ့ ပဲခူးတိုင်းဒေသကြီးက မြို့နယ် (၁၅)ခု ၊ ရပ်ကွက် (၂၃)ခု နဲ့ ကျေးရွာအုပ်စုပေါင်း (၅၅၁)စုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၆ရက်က ကြေညာခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က