ကာဗွန်ထုတ်လွှတ်မှု လျှော့ချဖို့ အကြောင်းပြချက်နဲ့ iPhone 12 စီးရီးမှာ charger နဲ့ နားကြပ်တွေ ဖြုတ်ခဲ့ပေမယ့် ပြင်သစ်ဈေးကွက်မှာတော့ နားကြပ်ဘူးသက်သက် ထည့်ပေးထားပါတယ်။
Apple ဟာ ဒီနှစ်ထဲမှာ ကာဗွန်ထုတ်လွှတ်မှု လျော့ပါးအောင်ဆိုပြီး ဖုန်းဆက်စပ်ပစ္စည်း Accessory ထုတ်လုပ်မှုပေါ် ငွေသုံးစွဲမှုလျှော့ချခဲ့ပါတယ်။ အောက်တိုဘာလလယ်မှာ မိတ်ဆက်လာခဲ့တဲ့ iPhone 12 စီးရီးဖုန်းသစ်တွေရဲ့ လက်လီဗူးတွေမှာ charger နဲ့ earbuds တွေ ဖယ်ရှားခဲ့တဲ့အပြင် iPhone 11 ၊ iPhone SE (2020) နဲ့ iPhone XR ဖုန်းသစ်တွေမှာပါ ဒီပုံစံအတိုင်း ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။
Photo: macobserver
ပြင်သစ်ဈေးကွက်ထဲ ဝင်တဲ့ iPhone 12 ဖုန်းသစ်တွေကတော့ နားကြပ်အတွက် ဘူးတစ်ခုသီးသန့် ထည့်ပေးရတယ်လို့ GSMArena သတင်းက ဖော်ပြထားပါတယ်။ ပြင်သစ်ဥပဒေအရ ဖုန်းနဲ့အတူ နားကြပ်ပါ ထည့်ပေးဖို့ ညွှန်ကြားထားတာ ဖြစ်လို့ iPhone သစ်ဝယ်သူတွေဟာ earbuds ရတာ ဖြစ်ပါတယ်။
ဖုန်းဝယ်ရင် နားကြပ်ပါရမယ်လို့ ပြင်သစ်နိုင်ငံမှာ ဥပဒေပြဌာန်းထားတာ အကြောင်းရှိပါတယ်။ စမတ်ဖုန်းတွေဟာ ဖုန်းခေါ်ဆိုမှုလုပ်နေချိန်မှာ ရေဒီယိုကြိမ်နှုန်းတွေ ပိုပြီး ထုတ်လွှင့်တတ်ပါတယ်။ ဒါကြောင့်ပဲ နိုင်ငံအများစုမှာ စမတ်ဖုန်းက ထုတ်လွှင့်တဲ့ ရေဒီယိုကြိမ်နှုန်းပမာဏကို ဘယ်ထက်တော့ မပိုရဆိုတဲ့ ကန့်သတ်ချက်တွေ ထားတာ ဖြစ်ပါတယ်။
Photo: macrumors
iPhone တွေမှာ ခေါင်းနားကပ်ပြီး ဖုန်းကိုင်ထားတာကို သိနိုင်မယ့် proximity sensor သုံးပြီး ရေဒီယိုကြိမ်နှုန်းလွှင့်မှုကို လျှော့ချပေးပါတယ်။ ပြင်သစ်နိုင်ငံရဲ့ မူဝါဒအရ စမတ်ဖုန်းသုံးသူတွေအနေနဲ့ ရေဒီယိုကြိမ်နှုန်းသက်ရောက်မှု လျှော့ချဖို့ နားကြပ်နဲ့ ဖုန်းပြောဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဖုန်းရောင်းရင် နားကြပ်ပါ ထည့်ရောင်းခိုင်းတာပါ။
နိုင်ငံတကာမှာ iPhone လက်လီဘူးသစ်ဟာ နားကြပ်နဲ့ charger မပါတော့တာကြောင့် အရွယ်အစားသေးငယ်ပါးလွှာပါတယ်။ ပြင်သစ်ဈေးကွက်မှာတော့ နိုင်ငံတကာလက်လီဘူးဆိုဒ်ကိုမှ နားကြပ်အတွက်ပါ ဘူးတစ်ခုပါတာ ဖြစ်လို့ အကြီးစားဆိုဒ်ဖြစ်သွားပါတယ်။ တခြားဈေးကွက်တွေကတော့ ပြင်သစ်နိုင်ငံလို အခွင့်အရေးရမှာ မဟုတ်ပါဘူး။