ဖမ်းဆီးခံကိုယ်စားလှယ် (၃)ဦးလွတ်မြောက်ရေးနဲ့ပတ်သက်ပြီးပြောကြားခဲ့တာပါ။

ဖမ်းဆီးခံ တောင်ကုတ်လွှတ်တော်ကိုယ်စားလှယ်လောင်း (၃)ဦး နဲ့ပတ်သက်ပြီး AAရဲ့ ထုတ်ပြန်ချက်ပါ အချက်အလက်တွေက အခြေအမြစ်မရှိ တစ်ဖက်သတ် ကောက်နုတ်ချက်သာတွေဖြစ်ပြီး ဒီလုပ်ရပ်က နောင်အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာမှာ ကြီးမားတဲ့ အဟန့်အတားတစ်ခုဖြစ်တယ်လို့ NLDပါတီဘက်က သဘောထားထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကိုယ်စားလှယ်လောင်း (၃)ဦး လွတ်မြောက်ရေးအတွက် AAအဖွဲ့ရဲ့တောင်းဆိုချက်တွေက သင့်တော်ခြင်းမရှိသလို ၊တစ်ဖက်သတ်ပြောဆိုမှုတွေဖြစ်တာကြောင့် ဒီကိစ္စမှာ AAအနေနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်အတိုင်းသာ ဆွေးနွေးတာ အသင့်တော်ဆုံးဖြစ်မယ်လို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က Duwun ကိုပြောပါတယ်။



“မဲဆွယ်စည်းရုံးရေးလုပ်တဲ့ ကိုယ်စားလှယ် (၃)ဦးကို ဖမ်းဆီးတယ်။ ရိုက်နှက်နှိပ်စက်တယ်။ ပြီး စစ်သုံပန်းလဲလှယ်ရေးဆိုတာကို ပြောလာတဲ့အတွက် ဒါကမသင့်တော်ဘူး။ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်တွေကို လုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် စေ့စပ်တဲ့အခါ တစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှုမရှိနိုင်ပါဘူး။ ယုံကြည်မှုမရှိကြတဲ့အခါ ငြိမ်းချမ်းရေးအတွက်ကော ၊ပြည်တွင်း စစ်ချုပ်ငြိမ်းရေးအတွက်ပါ အနှောက်အယှက်ဖြစ်လာပါလိမ့်မယ်”လို့ ဒေါက်တာမျိုးညွန့်က ပြောကြားခဲ့တာပါ။

လက်ရှိမှာ NLD ကိုယ်စားလှယ်လောင်း (၃)ဦး လွတ်မြောက်ရေးအတွက် ပါတီအနေနဲ့က သဘောထားထုတ်ပြန်တာကလွဲလို့ ဘာမှလုပ်ဆောင်ပေးလို့ မရဘူးလို့ဆိုပါတယ်။ AA ဘက်ကသာ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်မှုကတစ်ဆင့် ချဉ်းကပ်လာတာမျိုးနဲ့ လုပ်ပိုင်ခွင့်ရှိတဲ့အစိုးရအဖွဲ့အစည်းနဲ့သာ ဆက်စပ်ဆောင်ရွက်လာရင်တော့ ဒီကိစ္စကို ပြေလည်အောင်ဖြေရှင်းလို့ရမှာဖြစ်ပြီး ဒီနည်းလမ်းက အသင့်တော်ဆုံးဖြစ်တယ်လို့ ဦးမျိုးညွန့်ကပြောပါတယ်။

AAဘက်ကတော့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း (၃)ဦးကို ကိုဗစ်ကူးစက်ရောဂါပြန့်ပွါးနေတဲ့ အချိန်ကာလမှာပင် ပြည်သူလူထုရဲ့ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ထည့်မတွက်ဘဲ ရပ်ရွာတွေကို လှည့်လည်မဲဆွယ်စည်းရုံးနေမှုကြောင့် ဖမ်းဆီးခြင်းဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကိုယ်စားလှယ်လောင်း (၃)ဦးကို ပြန်လွှတ်ပေးဖို့အတွက် စစ်သုံ့ပန်းခြင်းလဲလှယ်တဲ့ ပုံစံနဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ဖမ်းဆီးထားတဲ့ ကျောင်းသားအချို့ကိုပြန်လွှတ်ပေးဖို့ဆိုပြီး AA ဘက် အလဲအလှယ်တောင်းထားပေမယ့်လည်း NLDပါတီအနေနဲ့ကတော့ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်းသာဆောင်ရွက်သွားမယ်လို့ သဘောထားထုတ်ပြန်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က