အမိန့်ဒီကရီက ဆန္ဒပြသူတွေကို ပိုမိုဒေါသထွက်စေခဲ့ပြီး ပိုမိုကြီးမားတဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ လနဲ့ချီကြာ ပေါ်ပေါက်နေခဲ့တဲ့ အစိုးရဆန့်ကျင်ရေးနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး ဆန္ဒပြမှုများ အဆုံးသတ်ရန် ရည်ရွယ်ထုတ်ပြန်ခဲ့တဲ့ အရေးပေါ်အမိန့်ဒီကရီကို ယနေ့ (အောက်တိုဘာ ၂၂ ရက်) ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

(Photo: Rapeephat Sitichailapa/AP)

ထိုအမိန့်ဒီကရီက ဆန္ဒပြသူတွေကို ပိုမိုဒေါသထွက်စေခဲ့ပြီး ဘန်ကောက်မြို့ လမ်းမတွေပေါ်မှာ လူဦးရေ ထောင်သောင်းချီပါဝင်ကြတဲ့ ဆန္ဒပြမှုတွေ ဆက်တိုက် ပေါ်ပေါက်လာခဲ့ပါတယ်။ Royal Gazette မှာ ဖော်ပြထားတဲ့ အစိုးရထုတ်ပြန်ချက်အရ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီမှာ အရေးပေါ်အမိန့်ဒီကရီထုတ်ထားမှု အဆုံးသတ်ပြီလို့ သိရပါတယ်။



အောက်တိုဘာ ၁၅ ရက် မနက် ၄ နာရီမှစပြီး ဘန်ကောက်မြို့မှာ စတင်သက်ရောက်ခဲ့တဲ့ အဆိုပါ အမိန့်ဒီကရီအရ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လူငါးဦး သို့မဟုတ် ငါးဦးထက်ပိုတဲ့ စုရုံးမှုတွေနဲ့ ဆူပူအုံကြွမှုဖြစ်စေမယ့် လုပ်ဆောင်မှုတွေကို တားမြစ်ထားပါတယ်။ "အရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ခဲ့ရတဲ့ အခြေအနေက ယခုအခါ လျော့ပါးသွားပြီဖြစ်ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာဌာနတွေက ပုံမှန်ဥပဒေတွေနဲ့ ကိုင်တွယ်ဆောင်ရွက်နိုင်တဲ့ အခြေအနေရောက်နေပါပြီ" လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(Photo: Rapeephat Sitichailapa/AP)

ထိုင်းဝန်ကြီးချုပ်ပရာယွတ်က အရေးပေါ်အမိန့်ဒီကရီကို ရုပ်သိမ်းရန်ပြင်ဆင်နေကြောင်း ယမန်နေ့ (အောက်တိုဘာ ၂၁ ရက်) က ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့စဥ် ထည့်သွင်းပြောထားခဲ့ပါတယ်။ သို့သော် ဆန္ဒပြသူတွေက အရေးပေါ်အမိန့်ဒီကရီ ရုပ်သိမ်းမှုဖြင့် မလုံလောက်ဘဲ ဝန်ကြီးချုပ်ပရာယွတ်ကို သုံးရက်အတွင်း နုတ်ထွက်ရန် ပြောဆိုထားကြပါတယ်။

"သူက ပြည်သူလူထုရဲ့ တောင်းဆိုမှုကို လစ်လျူရှုပြီး အာဏာဆက်ရှိနေဖို့ လုပ်နေတယ်၊ အရေးပေါ်အမိန့်ဒီကရီက အရင်းကတည်းက မထုတ်သင့်ခဲ့တာပဲ" လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ Sirawith "Ja New" Seritiwat က ပြောပါတယ်။ အရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ပြီးနောက် ဆန္ဒပြမှုတွေကို ဖြိုခွဲရှင်းလင်းခဲ့စဥ် ထင်ရှားတဲ့ ဆန္ဒပြခေါင်းဆောင် အများအပြား အပါအဝင် ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ဖမ်းဆီးခံခဲ့ရပါတယ်။

(Photo: Reuters)

ယမန်နေ့က ဝန်ကြီးချုပ်ပရာယွတ် ရုပ်သံမိန့်ခွန်းပြောကြားစဥ် သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေက ၎င်းရဲ့ရုံးခန်းတည်ရှိရာ အစိုးရအိမ်တော်ဝင်းသို့ ဦးတည်ချီတက်ခဲ့ကြပြီး အရေးပေါ်အမိန့်ဒီကရီ ရုပ်သိမ်းမှုအပြင် ၎င်းရာထူးမှ နုတ်ထွက်ရန်နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေကို ပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ပရာယွတ်ဟာ စစ်တပ်အကြီးအကဲအဖြစ် ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ဝန်ကြီးချုပ်ယင်လတ် အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပါတယ်။ ထို့နောက် ထိုင်းနိုင်ငံကို ငါးနှစ်ကြာ စစ်အစိုးရတစ်ရပ်ဖြင့် အုပ်ချုပ်ခဲ့ပြီး ထိုကာလအတွင်း စစ်တပ်ကွပ်ကဲမှုအောက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲခဲ့ကာ လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့ပါတယ်။

(Photo: Reuters)

ယမန်နှစ်မှာတော့ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ စစ်တပ်က ပါဝင်နေတဲ့ ပရာယွတ်ရဲ့ပါတီက အနိုင်ရရှိပြီး ၎င်းက ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ပရာယွတ်အနိုင်ရရှိစေရန် စစ်တပ်ကွပ်ကွဲမှုဖြင့် ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေက အထောက်အကူပြုခဲ့ကြောင်း စွပ်စွဲထားကြပါတယ်။ ဇူလိုင်လအတွင်းမှာတော့ ထိုင်းနိုင်ငံတစ်ဝန်းမှ လူငယ်အုပ်စုများက ပူးပေါင်းစီစဥ်ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို လုပ်ဆောင်လာခဲ့ကြကာ နိုင်ငံရေးတင်းမာမှု မြင့်တက်နေခဲ့ပါတယ်။

Share

Loading Next Article...
က္က