တတိယအင်အားအကြီးဆုံးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP)အနေနဲ့ လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ရာနှုန်းပြည့် အနိုင်ရရှိမယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။
ANPပါတီက ၂၀၁၅အထွေထွေရွေးကောက်ပွဲမှာလည်း ရာနှုန်းပြည့်အနိုင်ရရှိခဲ့တဲ့ ပါတီကြီးတစ်ခုလည်းဖြစ်ပါတယ်။
ဒီနှစ်ရွေးကောက်ပွဲမှာလည်း ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။
“ ANP ပါတီက ၂၀၁၅ခုနှစ်ကတည်းက အနိုင်ရလာတဲ့ပါတီတစ်ခုပါ။ ရခိုင်လူမျိုးတွေက ရခိုင်အမျိုးသားရေးစိတ်တစ်ခု ရှိကြတော့ ပါတီအနေနဲ့က နဂိုကတည်းက ရှိနေပြီးသား အင်အားပါ။ ပါတီအနေနဲ့ကလည်း ရခိုင်ပြည်နယ်တစ်ခုလုံးသာမက ရခိုင်တစ်မျိုးသားလုံးအတွက်ပါကိုယ်စားပြုထားတာပါ။ ၂၀၁၅အနိုင်ရရှိခဲ့တုန်းက ပါတီအနေနဲ့က ရခိုင်တစ်မျိုးသားလုံးအတွက်လုပ်ပေးခဲ့တာကိုကြည့်ရင် သူတိုလည်းသိပါတယ်။ ဒါကြောင့် ပါတီအပေါ်ယုံကြည်တာလည်းပါတယ်”လို့ ANP ပါတီတောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှသက်စိုးက Duwun ကိုပြောပါတယ်။
ANPပါတီအနေနဲ့ မနေ့ကရခိုင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ် အင်အားပြ လှည့်လည်ခဲ့ရာမှာလည်း လူအင်အား သောင်းနဲ့ချီဝန်းရံခဲ့ကြပါတယ်။
၂၀၂၀ရွေးကောက်ပွဲမှာတော့ ရခိုင်ပြည်နယ်အတွင်း (၁၇)မြို့နယ်၊ ရန်ကုန်တိုင်းမှာ တစ်နေရာနဲ့ ဧရာဝတီတိုင်းမှာလေးနေရာ ဝင်ရောင်ယှဉ်ပြိုင်မှာလည်းဖြစ်ပါတယ်။
တောင်ကုတ်မြို့နယ်က NLDပါတီလွှတ်တော်ကိုယ်စားလှယ် (၃)ဦး အဖမ်းခံရမှုအပေါ်မှာလည်း ပြိုင်ဘက်လို့သဘောမထားတာဘဲ မတူတာတွေခွဲလုပ်ပြီး တူတာတွေကိုပေါင်းလုပ်ကြတဲ့ ညီကိုမောင်နှမတွေဖြစ်လို့ ဒီလိုအခြေအနေပေါ်မှာလည်း စိတ်မကောင်းဖြစ်ရတယ်လို့ ဒေါ်လှသက်စိုးကပြောပါတယ်။
ANP ပါတီက ၂၀၁၃ခုနှစ်က စတင်တင်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၅ရွေးကောက်ပွဲမှာလည်း အနိုင်ရရှိခဲ့တဲ့ ပါတီတစ်ခုဖြစ်ပါတယ်။
လက်ရှိမှာလည်း ပါတီအင်အား (၄၀၀၀)ကျော်နဲ့ တတိယအင်အားကြီးပါတီတစ်ခုအဖြစ် ရခိုင်တစ်မျိုးသားလုံးရဲ့ အခွင့်အရေးတွေနဲ့ပတ်သက်လို့ လုပ်ဆောင်ပေးနေတဲ့ ပါတီကြီးတစ်ခုလည်းဖြစ်ပါတယ်။