အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ YDP ရဲ့အတွင်းရေးမှူးဖြစ်သူ ဦးမိုက်ကယ်ကျော်မြင့်ကို ခင်ဦးရဲစခန်းက နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။
ဦးကျော်မြင့်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူရဲ့ ဖေ့ဘုတ်စ်စာမျက်နှာကနေ ထုတ်လွှင့်ခဲ့တဲ့ Live မှာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ နဲ့ခင်ဦးရဲစခန်းက အမှုဖွင့်ထားတာဖြစ်ပါတယ်။ ခင်ဦးမြို့နယ် မှာ YDP ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းက ဦးမိုက်ကယ်ကျော်မြင့် ကို အမှုဖွင့်ထားတဲ့ကိစ္စအားဖြေရှင်းနေတယ်လို့ YDP ပါတီရဲ့ ဥက္ကဌဖြစ်သူ ဒေါ်အေးအေးသင်းကပြောပါတယ်။
“ ဒီကိစ္စကို ပါတီအနေနဲ့သိထားလားဆိုတော့ ဒီလိုမျိုး သူတို့တရားစွဲထားတယ်ဆိုတဲ့အကြောင်းကိုတော့ ကျွန်မတို့ တောင်ဒဂုံကရုံးကိုလာပြီးတော့ အကြောင်းကြားသွားတယ်လို့သိ ရတယ်။ ကျွန်မတို့က ဒီအမှုတွဲကို ဝရမ်းတွေကိုတော့ လက်မှတ်ထိုးလက်ခံထားတာ မရှိဘူး။ ခုလောလောဆယ်တော့ ကျွန်မတို့က မြို့နယ်ခြား တိုင်းခြားဖြစ်နေတာကြောင့် ကျမတို့ ကိုဗစ်ဥပဒေ ကျန်းမာရေးဥပဒေနဲ့ဘယ်မှလည်းသွားပြီး ဖြေရှင်းလို့မရတာကြောင့် ခင်ဦးက လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် ဟိုဘက်မှာ ဖြေရှင်းနေပါတယ်။ စခန်းမှူးပြောပြချက်အရတော့ လိုက်ဖ်လွှင့်တဲ့ကိစ္စမှာ နိုင်ငံတော်အကြည်ညိုပျက်စေအောင် ပြောတဲ့စကားက ခင်ဗျားတစ်လုံးပဲသုံးထားတာပါတာ ကျန်တာတော့ အထွေအထူး ဘာမှမပါဘူး။ ဒါပေမယ့် သူတို့အနေနဲ့ လိုက်ဖ်လွှင့်တဲ့ကိစ္စလို့ ပြောသံကြားတယ်” လို့ ဒေါ်အေးအေးသင်းကပြောပါတယ်။
YDP ပါတီ အတွင်းရေးမှူးကို တရားစွဲဆိုထားကြောင်းကို လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက သိရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အခုလို အမှုဖွင့်ခံရတဲ့ကိစ္စကြောင့် YDP ပါတီဘက်ကိုတော့ ရိုက်ခတ်မှုရှိမလာနိုင်ကြောင်းနဲ့ ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းတွေကအနေနဲ့လည်း လုပ်စရာရှိတာလုပ်တာတွေကို လုပ်ဆောင်နေပြီး ရပ်ကွက်တွေမှာ လ ည်း အသီးအရွက်လှူဒါန်းမှုတွေကိုလုပ်နေတယ်လို့သိရပါတယ်။
ဦးမိုက်ကယ်ကျော်မြင့်ဟာ YDP ပါတီကိုယ်စားပြုပြီး ဒဂုံမြို့သစ်တောင်ပိုင်းမှာ ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။YDP ပါတီမှာ ပါတီဝင်အင်အားက ၁၀၀၀၀ ဝန်းကျင်ရှိပြီး ၊ ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၃ ဦးက မဲဆန္ဒနယ် အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။