မနက်ဖြန် အောက်တိုဘာလ ၂၃ရက်မှာ သက်တမ်းတစ်နှစ်ပြည့်ပြီဖြစ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ တစ်နှစ်အတွင်း တာထွက်ကောင်းခဲ့ပြီး ခရီးပေါက်ခဲ့တယ်လို့ ပါတီဥက္ကဌက ဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။
ဒီလိုတာထွက်ကောင်းခဲ့တာကို ပါတီဝင်တွေ ၊ ပါတီထောက်ခံသူတွေအနေနဲ့ ဂုဏ်ယူကြရမှာဖြစ်ပြီး ဒီအရှိန်အတိုင်းဆက်လက်ထိမ်းသိန်းကြဖို့ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းလိုက်တာပါ ။
" တာထွက်ကောင်းခဲ့တယ် ပြောရမှာပဲ ။ တာထွက်ကောင်းတယ်ဆိုတာ အခြေခံအုတ်မြစ်ခိုင်တာပေါ့နော် ။ အခြေခံအုတ်မြစ်က အဓိကက ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းပေါ့ရှင် ။ ပါတီဖွဲ့စည်းပုံစည်းမျဉ်းက နိုင်ငံတကာရဲ့ ဒီမိုကရေစီပါတီတွေရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းတွေကို သုတေသနပြုပြီးတော့မှ မြန်မာနိုင်ငံနဲ့ဆီလျော်တဲ့ပုံစံရေးဆွဲခဲ့တယ် ။ နောက်ပြီး ကျွန်မတို့ပါတီရဲ့ ထူးခြားချက်က စုပေါင်းဦးဆောင်ခြင်းနဲ့သွားတယ် ။ လူတိုင်းက အတွေ့ကြုံရင့်ကျက်တဲ့သူတွေ ၊ လူငယ်ဆိုလည်း ပညာတတ်လူငယ်တွေ တိုင်းရင်းသားတွေ အမျိုးသမီးတွေ ။ ပြီးတော့ ပညာရှင်တွေရဲ့ အခန်းကဏ္ဍတွေလည်း အလေးထားတယ် ။ အဲ့လိုပါတီဖြစ်ပြီး စုပေါင်းညီညီညွတ်ညွတ်ဆောင်ရွက်တဲ့အတွက် တစ်နှစ်အတွင်းမှာ ဒီလောက်ခရီးပေါက်တာပေါ့နော် ။ ဒီလိုတာထွက်ကောင်းတာကို ဆက်လက်ထိန်းသိမ်းပြီးတော့မှ ဒါကို ပါတီဝင်တွေ ၊ ပါတီထောက်ခံကြသူတွေကို ဒါလည်း ဂုဏ်ယူစရာတစ်ခုဖြစ်တယ် ။ စေတနာနဲ့ ပညာနဲ့ ဦးဆောင်ပြီးလုပ်ကြတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့အတွက်ကို ရေရှည်မှာအောင်မြင်ဖို့လည်း ဒီအတိုင်းပဲ အရှိန်ဆက်လက်ထိန်းသိမ်းပြီး လူထုရဲ့ အကျိုးဆိုတဲ့ ရည်မှန်းချက်နဲ့ အလုပ်လုပ်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ် " လို့ PPP ဥက္ကဌ ဒေါက်တာသက်သက်ခိုင်က Duwun ကိုပြောပါတယ်။
ဓာတ်ပုံ-ကျော်ဇင်မန်း(PPPပါတီက အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှာ ပါတီတစ်နှစ်ပြည့်အတွက် စုပေါင်းလှူဒါန်းမှုပြုလုပ်)
ပြည်သူ့ရှေ့ဆောင်ပါတီ ဗဟိုအနေနဲ့ ပါတီသက်တမ်းတစ်နှစ်အတွင်း ပါတီဝင် နှစ်သောင်းခန့်ရှိနေပြီး မြို့နယ် နဲ့ တိုင်းဒေသကြီးတွေမှာ လျှောက်ထားဆဲဖြစ်တဲ့ လျှောက်လွှာတွေလည်းရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ရွေးကောက်ပွဲ အောင်နိုင်ရေးလုပ်ငန်းတွေကို အဓိက ဆောင်ရွက်နေဆဲဖြစ်တာကြောင့် ရွေးကောက်ပွဲအပြီးမှသာ အသင်းသားရေးရာကိစ္စကို ပိုမိုအာရုံစိုက်လုပ်ဆောင်သွားမယ်လို့ ဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။
" ပါတီဝင်အင်အားက ဒီလိုတော့ရှိတယ်ရှင့် ။ ကွန်မတို့က ၁၅,၀၀၀ ၊ ၂၀,၀၀၀ လောက်တော့ရှိပါတယ်။သို့သော်လည်း ကျွန်မတို့က စနစ်တကျလေးလုပ်နေတာ ။ မြို့နယ်တွေမှာ ပါတီဝင်အင်အားတွေရှိနေပြီ ။ မြို့နယ်တွေကနေ တိုင်းနဲ့ပြည်နယ်ပို့ရမယ် အဲဒီကနေ ဗဟိုပို့မှ ဗဟိကြနေမှ ပါတီဝင်နံပါတ်တွေ ထုတ်ပေးတာပေါ့နော် ။ အဆင့်ဆင့်သွားတော့ ပါတီဝင်အားလို့ပြောရင် ဗဟိုမှာတော့ ၂သောင်းဝန်းကျင် ရှိပြီပေါ့နော် ။ ဒါပေမယ့် မြို့နယ်တွေမှာ ၊တိုင်းနဲ့ပြည်နယ်တွေမှာ ရောက်နေတဲ့ လျှောက်လွှာတွေလည်းရှိ တယ်။သို့သော်လည်း အခုချိန်မှာ ပါတီဝင်အင်အားကို စမတ်ကတ်တွေဘာတွေ ထုတ်ပေးတာထက်စာရင် အောင်နိုင်ရေးကိစ္စကို အဓိကလုပ်နေကြတော့လေ ဒီအောင်နိုင်ရေးကာလပြီးတဲ့အချိန် ၊ ရွေးကောက်ပွဲပြီးတဲ့အချိန်မှသာ အသင်းသားရေးရာကိစ္စကို ပိုပြီးတော့မှ အာရုံစိုက်ပြီးလုပ်မှာဖြစ်ပါတယ် " လို့ ဒေါက်တာ သက်သက်ခိုင်က ပြောပါတယ်။
ဓာတ်ပုံ-ကျော်ဇင်မန်း(PPPပါတီက အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှာ ပါတီတစ်နှစ်ပြည့်အတွက် စုပေါင်းလှူဒါန်းမှုပြုလုပ်
ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ အသက်၁၈နှစ်ပြည့်သူ ၊ ဥပဒေနဲ့ကိုက်ညီပြီး တခြားပါတီဝင်မဟုတ်သူတွေကို လူထုလူတန်းစားပေါင်းစုံလက်ခံသွားမှာဖြစ်ပြီး တစ်ဦးချင်းပါဝင်မှုကို အသိအမှတ်ပြုတဲ့ ပါတီဖြစ်တယ်လို့လည်း ပါတီဥက္ကဌက ပြောပါတယ်။
လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာတော့ ပြည်သူ့ရှေ့ဆောင်ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားလှယ်လောင်း ၂၃၂ဦးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော် ၇၅ဦး ၊ အမျိုးသားလွှတ်တော် ၂၆ဦး ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၁၂၈ဦး နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၃ဦး ဖြစ်ပါတယ်။