မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးလူနာအများစုက အသက် (၆၀)ကနေ (၇၅)ကြားဖြစ်ပြီး အသက်အငယ်ဆုံး တစ်လအရွယ် ကလေးကနေ အသက်ကြီးဆုံး (၁၀၆)နှစ်ထိ ပါဝင်တယ်လို့ ကျန်းမာရေး စစ်တမ်းတွေအရ သိရပါတယ်။
photo - Zin Moe ( မော်လမြိုင် RESCUE)
ကိုဗစ်ကြောင့် သေဆုံးခဲ့တဲ့ အသက် အငယ်ဆုံး တစ်လအရွယ်ကလေးက အာဟာရချို့တဲ့ကာ နှလုံးရောဂါ အခံရှိတဲ့ ကလေးငယ်တစ်ဉီး ဖြစ်ပြီး အသက် (၁၀၆)နှစ်အရွယ်အဖိုးကတော့ ဆီးချိုရောဂါနဲ့ သွေးကြောပိတ်တဲ့ ရောဂါအခံတွေရှိတဲ့လူနာဖြစ်ပါတယ်။ ယခုအချိန်ထိ ကိုဗစ်လူနာအရေအတွက်တွေတိုးနေသလို သေဆုံးလူနာတွေလည်း နေ့စဉ်တိုးနေပြီး ရောဂါအခံရှိသူတွေအပြင် ရောဂါအခံမရှိဘဲ သေဆုံးမှုတွေပါများလာတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ ကျွန်မတို့နိုင်ငံရဲ့သေဆုံးမှုကိုကြည့်မယ်ဆိုရင် ဒါကမြင့်တက်နေဆဲလို့ပြောရမှာပါ။ နောက်ဆုံးအချက်အလက်တွေကို ကြည့်မယ်ဆိုရင် သေဆုံးလူနာရဲ့ (၅၀)ရာခိုင်နှုန်းက ကုသမှုနောက်ကျလို့ပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့က ကိုဗစ်နဲ့ပတ်သက်ပြီး မပေါ့ဆဘဲ စောစီးစွာကုသမှုခံယူဖို့လိုပါတယ်။ အသက်အရွယ်မရွေးကူးစက်နိုင်သလို အသက်အရွယ်မရွေးသေဆုံးနိုင်ပါတယ်။ အခုသေဆုံးလူနာတွေထဲမှာ အသက် တစ်လကနေ (၁၀၆)နှစ်အထိတောင်ပါပါတယ်”လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက Duwun ကိုပြောပါတယ်။
photo - Zin Moe ( မော်လမြိုင် RESCUE)
ကုသမှုနောက်ကျလို့ သေဆုံးသူတွေရဲ့ (၅၀)ရာနှုန်းမှာ သေဆုံးပြီးမှ ပိုးတွေ့တာက (၁၈)%နဲ့ ဆေးရုံရောက်ပြီး (၂၄)နာရီအတွင်းသေဆုံးတာက (၃၂)%နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။ ကိုဗစ်ကြောင့် သေဆုံးသူ အားလုံးရဲ့ (၉၅) ရာခိုင်နှုန်းကတော့ ရန်ကုန်မှဖြစ်ပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေက (၅)ရာခိုင်နှုန်းသာ ပါဝင်နေတာပါ။
အဓိကသေဆုံးသူ အားလုံးက ဆေးကုသခံယူမှုနောက်ကျခြင်းကြောင့်ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ကိုဗစ်သံသယလက္ခဏာတွေရှိပါက အိမ်မှာကုတာမျိုးမလုပ်ဘဲ ဆေးရုံတက်ရောက်ကာ ကုသမှုအမြန်ဆုံးခံယူဖို့ ဒေါက်တာခင်ခင်ကြီးက တိုက်တွန်းပြောကြားခဲ့ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာလ (၂၃)ရက်နေ့ ည (၈)နာရီထုတ်ပြန်ချက်မတိုင်ခင်အထိ တစ်နိုင်ငံလုံးကိုဗစ်လူနာ (၃၉,၆၉၆)ဦးရှိကာ သေဆုံးသူ (၉၇၂) ဦးနဲ့ ပြန်လည်ပျောက်ကင်းလူနာ (၁၈,၈၆၅) ဦး ရှိပါတယ်။