ထိုင်းနိုင်ငံ ဘန်ကောက်မြို့အရှေ့တောင်ဘက် Samut Prakan ပြည်နယ်မှာ ဂက်စ်ပိုက်လိုင်းတစ်ခု ယနေ့ (အောက်တိုဘာ ၂၂ ရက်) ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
(Photo: Traffic_1197/Twitter)
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဂက်စ်ပိုက်လိုင်းဟာ ထိုင်းအစိုးရပိုင် ရေနံနဲ့ ဓာတ်ငွေ့ကုမ္ပဏီ PTT ရဲ့ ပိုက်လိုင်းဖြစ်ပါတယ်။ "ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ဖို့ PTT က ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောာင်ရွက်ခဲ့ပါတယ်" လို့ ကုမ္ပဏီက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
Bangkok Post သတင်းမှာ ဖော်ပြမှုအရ သေဆုံးခဲ့သူ သုံးဦးအနက် အသက် ၈၀ ကျော်အရွယ် သက်ကြီးရွယ်အို အမျိုးသမီးနှစ်ဦး ပါဝင်ကြောင်း သိရပါတယ်။ ဂက်စ်ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားရာအနီးရှိ နေအိမ်များမှ ဒေသခံတွေက ဘေးကင်းရာသို့ ထွက်ပြေးခဲ့ကြပြီး အခြား အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြသူတွေကိုလည်း ရဲတပ်ဖွဲ့က ရွှေ့ပြောင်းပေးခဲ့ကြောင်း Bangkok Post သတင်းက ပြောပါတယ်။
(Photo: JS100 traffic radio Facebook page)
ရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသားတစ်ဦးရဲ့ အဆိုအရ Bang Bo ခရိုင်ရှိ ရဲစခန်းတစ်ခုနဲ့ မျက်နှာချင်းဆိုင်နေရာမှာ ဂက်စ်ပိုက်လိုင်း ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။ ဂက်စ်ပိုက်လိုင်းကနေ သဘာဝဓာတ်ငွေ့ယိုစိမ့်ရာမှ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့် မီးလောင်မှုဖြစ်ပွားနောက် ပေါက်ကွဲခဲ့တယ်လို့ PTT က ထုတ်ပြန်ထားပါတယ်။
(Photo: Sutthiwit Chayutworakan)
ဂက်စ်ပိုက်လိုင်းအနီးရှိ နေအိမ်တွေနဲ့ ကားတွေ မီးလောင်ကျွမ်းထားတာကိုလည်း တွေ့ရပါတယ်။ ဂက်စ်ပိုက်လိုင်းပေါက်ကွဲမှုကြောင့် မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်းနဲ့ ဂက်စ်ပို့လွှတ်မှု ရပ်ဆိုင်းထားခဲ့ကြောင်း PTT က ထုတ်ပြန်ပါတယ်။ နောက်ပိုင်းမှာတော့ စက်မှုလုပ်ငန်းသုံးနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံသုံးအတွက် ဂက်စ်ပို့လွှတ်မှုတွေ ပြန်လည်စတင်ခဲ့ကြောင်း PTT တာဝန်ရှိသူ Chokchai Thanamethee ပြောခဲ့ပါတယ်။
.