တိုင်းကျန်းမာရေးရဲ့ အကြံပြုချက်အရ ဆရာတော်ကြီးက မီးရှို့ဖျက်ဆီးခိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်က ကျောင်းနေသံဃာ အပါး ၅၃၀ထဲက အပါး ၄၁၀မှာ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ပိုးကူးစက်နိုင်တဲ့ အသုံးအဆောင်အားလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စာသင်တိုက်တစ်ခုလုံးကို ပိုးသတ်ဆေးဖျန်းခဲ့ပေမယ့်လည်း ပိုမိုစိတ်ချရစေဖို့ တိုင်းကျန်းမာရေးဆရာဝန်ရဲ့ အကြံပြုချက်အရ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားကြီးက မီးရှို့ဖျက်ဆီးခွင့်ပေးတာဖြစ်တယ်လို့ စာချနာယကဆရာတော်က Duwun ကို မိန့်ကြားလိုက်တာပါ။



" ပိုးတွေ့ပြီးခါစရက်မှာ ဦးနိုင်ငံလင်းတို့ နဲ့ တိုင်းကျန်းမာရေးဌာနဲ့ အင်းစိန်ဆေးရုံအုပ်ကြီးတွေ ၊ဒေသန္တရတို့ အကုန်လုံးလာကြတယ် ။ ကျောင်းကို လိုက်ကြည့်တယ် ။ ဦးဇင်းတို့က မေးလိုက်တယ် ဒါတွေက ဆေးဖျန်းရုံနဲ့ လုံလောက်လား ၊ ဒါမှမဟုတ် ဘာလုပ်ဖို့လိုအပ်လဲ ဆိုတော့ တိုင်းကျန်းမာရေးကဆရာဝန်က ပြောသွားတယ် ဆေးဖျန်းတာနဲ့လည်း ရတော့ရတယ် ။ တစ်ကျောင်းတိုက်လုံးဖြစ်ထားတာ ဆိုတော့ လုံးဝသေချာစိတ်ချရတယ်လို့တော့ ပြောလို့မရဘူး ။ အဲဒိတော့ အရှင်ဘုရားတို့ အစားထိုးစရာရှိရင် ဒါတွေဖျက်ဆီးပစ်တာ ကောင်းတယ် ။ အဲဒီတော့ ဦးဇင်းတို့က ဆရာတော်ကြီးကို လျှောက်တော့ ဒါဆိုရင် ဒါတွေကုန်လုံးကို သံဃာတွေ သုံးခဲ့တဲ့ အသုံးအဆောင်အားလုံးကို ဖျက်ဆီးပစ်လိုက်။ ပြီးရင်အစားထိုးပေးမယ်ဆိုတော့ အကုန်မီးရှို့ပြီး ဆောင်ရွက်လိုက်တယ် " လို့ ကျောင်းတိုက် စာချ နာယကဆရာတော် အရှင်ဂန္ဓသာရာလင်္ကာရက Duwun ကို မိန့်ကြားပါတယ်။

လက်ရှိအချိန်မှာ မူလကတည်းက ပိုးမတွေ့ရှိခဲ့သူ သံဃာအပါးတစ်ရာကျော်နဲ့ ပိုးတွေ့ရှိခဲ့ပြီးတဲ့နောက် ဆေးကုသကာ ကျောင်းကိုပြန်လည်ရောက်ရှိလာတဲ့ သံဃာတွေကို အဆောင်ခွဲခြား ထားရှိပြီး ဆရာဝန်ငါးဦးကလည်း ကျောင်းတိုက်မှာ ဆေးကုသစောင့်ရှောက်မှုပေးနေတယ်လို့ သိရပါတယ်။

" ကွာရန်တင်း ၁၄ရက်ကတော့ နောက်၂ရက်လောက်ဆို ပြည့်ပြီ။ နဂိုကတည်းက ပိုးမတွေ့တဲ့ သံဃာတော်တွေကိုတော့ ကျောင်းရဲ့ မြောက်ဘက်ခြမ်းက အဆောင်ကြီးကြီး၂ဆောင်ရယ် ၊ ရေချိုးတာတွေ ဘာတွေကအစ သီးသန့်ထားတယ်။ Positive ဖြစ်တဲ့ သံဃာတွေကိုတော့ ကျောင်းညာဘက်ခြမ်း တောင်ဘက်ခြမ်းက အဆောင်မှာပေါ့နော် ထားတယ်။ social distance ဖြစ်အောင် ၆ပေခြားနဲ့ထားတယ် ။ ဒီက စာချဘုန်းကြီးက အမြဲလိုက်သတိပေးတယ် ။ mask တပ်ဖို့ ၊ လက်ဆေးဖို့ ၊ ခပ်ခွာခွာနေဖို့ ၊ ကျောင်းကတိုက်တဲ့ဆေးတွေပုံမှန်သောက်ဖို့ ၊ အစာအာဟာရဖြစ်အောင်စားဖို့ ၊ ပုံမှန်အိပ်ဖို့ ။ တနေ့သုံးကြိမ်လောက် ဒီမှာရှိတဲ့ ဆရာဝန်တွေနဲ့ ဆရာတော်တစ်ပါးက နေ့တိုင်းဆော်သြတယ် " လို့ ကျောင်းတိုက် စာချနာယကဆရာတော် အရှင်ဂန္ဓသာရာလင်္ကာရက Duwun ကို မိန့်ကြားပါတယ်။

ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိချိန် နဲ့ ကုသချိန်မှာရော လက်ရှိအချိန်မှာပါ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်က သံဃာတော်တွေကို ကျန်းမာရေးဝန်ကြီးဌာန နဲ့ တပ်မတော်က ပူးပေါင်းပြီး ဆေးကုသစောင့်ရှောက်မှု ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှာ စက်တင်ဘာလ (၂၃)ရက်ကစတင်ပြီး ကိုဗစ်-၁၉ရောဂါပိုး စတင်စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကျောင်းတိုက်ထဲမှာပဲ သံဃာတော်အားလုံး ကွာရန်တင်း ၁၄ရက်နေထိုင်နေကြတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က