အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၁.၈ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်များရောင်းချရန် အတည်ပြုလိုက်ပြီး တရုတ်နဲ့ ဆက်ဆံရေးတင်းမာမှု မြင့်တက်လာနိုင်တဲ့ လုပ်ရပ်လို့ဆိုပါတယ်။
(Photo: AFP)
ယခု အရောင်းအဝယ် သဘောတူညီချက်မှာ ဒုံးကျည်ပစ်စင်များ၊ အာရုံခံစနစ်များနဲ့ ဒုံးကျည်များ အပါအဝင် လက်နက်စနစ်သုံးခုပါဝင်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ ထိုင်ဝမ်က ၎င်းကိုယ်တိုင် နိုင်ငံတစ်နိုင်ငံအဖြစ် သဘောထားပြီး တရုတ်ကတော့ ထိုင်ဝမ်ဟာ ၎င်းရဲ့ နယ်မြေအစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပါတယ်။
လတ်တလော နှစ်မျာအတွင်း ဆက်ဆံရေးတင်းမာမှု မြင့်တက်နေခဲ့ပြီး ထိုင်ဝမ်ကို ၎င်းလက်အောက်သို့ ပြန်လည်ရယူရန် စစ်အင်အားသုံးမယ့် အခြေအနေကို တရုတ်က ပယ်ချထားခြင်း မရှိပါဘူး။ အမေရိကန်က ထိုင်ဝမ်ကို စစ်လက်နက်ရောင်းချရန် သဘောတူညီချက် ထွက်ပေါ်လာခဲ့ပြီးနောက် တရုတ်က ထိုလုပ်ရပ်ကို ဆန့်ကျင်တုံ့ပြန်သွားမယ်လို့ ယနေ့ (အောက်တိုဘာ ၂၂ ရက်) ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။
(Photo: Getty Images)
တရုတ်နိုင်ငံက ထိုင်ဝမ်ကို ကျူးကျော်ဝင်ရောက်ရန် အသင့်ရှိနေတယ်လို့ မယုံကြည်ကြောင်းနဲ့ ထိုင်ဝမ်ဟာ အနာဂတ်အတွက် ၎င်းကိုယ်တိုင် အင်အားခိုင်မာရန် လိုအပ်ကြောင်း အမေရိကန် နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရောဘတ်အိုဘရိုင်ယန်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြောခဲ့ပါတယ်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း အမေရိကန်ထံမှ လက်နက်တွေဟာ တိုက်ခိုက်မှုစွမ်းရည်နဲ့ စစ်အင်အားတောင့်တင်းစေရန် အကူအညီဖြစ်မယ်လို့ ဆိုပါတယ်။ အမေရိကန်က ထိုင်ဝမ်ကိုရောင်းချရန် သဘောတူညီခဲ့တဲ့ လက်နက်တွေအနက် တိကျတဲ့ ပဲ့ထိန်းစနစ်ပါ ခရုစ်ဒုံးကျည် ၁၃၅ စင်း၊ ပေါ့ပါးပြီး ရွှေ့ပြောင်းရလယ်တဲ့ ဒုံးကျည်ပစ်စင်များနဲ့ တိုက်လေယာဥ်တွေမှာ တပ်ဆင်အသုံးပြုနိုင်တဲ့ လေကြောင်းကင်းထောက် အာရုံခံစနစ်များ ပါဝင်ပါတယ်။
(Photo: Tyrone Siu/Reuters)
သမ္မတဒေါ်နယ်ထရန့် လက်ထက်မှာ အမေရိကန်က ထိုင်ဝမ်ကို ယခင်ကထက် လက်နက်များ သိသိသာသာ ပိုမိုရောင်းချခဲ့တယ်လို့ BBC သတင်းဌာနရဲ့ ထိုင်ဝမ်သတင်းထောက် Cindy Sui က ဆိုပါတယ်။ တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်ဟာ ၁၉၄၀ ပြည့်လွန်နှစ်များမှာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့စဥ်အတွင်း ပိုင်းခြားထားခဲ့ကြောင်း BBC သတင်းက ဖော်ပြထားပါတယ်။