အမေရိကန် အစားအစားနဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက ဆေးရုံတက်နေရတဲ့ COVID-19 လူနာတွေကို ကုသရာမှာ Remdesivir ဆေးကို အသုံးပြုရန် တရားဝင် ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ပြီး အမေရိကန်မှာ ထိုသို့ တရားဝင် ခွင့်ပြုချက်ရတဲ့ ပထမဆုံး COVID-19 ကုသဆေးဖြစ်လာကြောင်း သိရပါတယ်။
(Photo: CNBC)
အစားအစားနဲ့ ဆေးဝါးကြီးကြပ်ရေးဌာန (Food and Drug Administration - FDA) က အောက်တိုဘာ ၂၂ ရက်နေ့မှာ တရာဝင် ခွင့်ပြုချက်ပေးလိုက်တဲ့ Remdesivir ဆေးဟာ သမ္မတဒေါ်နယ်ထရန့်ကို COVID-19 ကုသရာမှာ အသုံးပြုခဲ့တဲ့ ဆေးတွေအနက် ပါဝင်ခဲ့ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် ဖော်စတာမြို့အခြေစိုက် Gilead Sciences ဆေးဝါးနဲ့ ဇီဝနည်းပညာကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Remdesivir ဆေးကို အစောပိုင်းက အရေးပေါ်အခြေအနေသုံးအဖြစ်သာ အမေရိကန် FDA က ခွင့်ပြုပေးထားခဲ့ပြီး ယခုအခါ COVID-19 ကုဆေးအဖြစ် တရားဝင် ခွင့်ပြုချက်ပေးလိုက်တာ ဖြစ်ပါတယ်။
(Photo: Reuters)
သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကတော့ ကမ္ဘာတစ်ဝန်း Remdesivir ဆေးဖြင့် စမ်းသပ်ကုသမှုတွေ လုပ်ဆောင်ခဲ့ရာမှာ COVID-19 လူနာတွေ ဆေးရုံတက်ရချိန် လျှော့ချနိုင်မှု သို့မဟုတ် အသက်ကယ်နိုင်မှုမှာ များစွာထိရောက်မှု မရှိခဲ့ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြောခဲ့ပါတယ်။
ဆေးထုတ်လုပ်တဲ့ Gilead Sciences ကတော့ WHO လေ့လာဆန်းစစ်မှုဟာ ဘက်လိုက်မှုရှိနိုင်ခြင်းအပေါ် မေးခွန်းထုတ်ခဲ့ပြီး လူနာတွေနဲ့ ဆရာဝန်တွေဟာ မည်သည့်ဆေးဖြင့် ကုသနေခဲ့ကြောင်း သိထားကြတယ်လို့ ဆိုပါတယ်။ Veklury အမှတ်တံဆိပ်ဖြင့် ရောင်းချသွားမယ့် Remdesivir ဆေးဖြင့် ငါးရက်ကုသမှု ကုန်ကျစရိတ်ဟာ ပုဂ္ဂလိကကဏ္ဍအတွက် အမေရိကန်မှာ ဒေါ်လာ ၃,၁၂၀ ဖြစ်ပြီး Department of Veterans Affairs ကဲ့သို့ အစိုးရဌာနတွေက ဝယ်ယူမှုအတွက် ဒေါ်လာ ၂,၃၄၀ ဖြစ်ကြောင်း သိရပါတယ်။
(Photo: AP)
Remdesivir ဆေးအတွက် အမေရိကန် FDA ထံမှ ခွင့်ပြုချက်ရရှိခဲ့ပြီးနောက် နာရီပိုင်းအတွင်း Gilead Sciences ရဲ့ စတော့ရှယ်ယာဈေးနှုန်းဟာ ၄.၃ ရာခိုင်နှုန်း တက်သွားခဲ့ပြီး ရှယ်ယာတစ်ခုလျှင် ၆၃.၃၀ ဒေါ်လာ ဖြစ်သွားခဲ့တယ်လို့လည်း Reuters က ဖော်ပြပါတယ်။ FDA က တရားဝင် ခွင့်ပြုချက်ပေးလိုက်တာကြောင့် Remdesivir ဟာ အမေရိကန်မှာ ရောဂါလက္ခဏာပြင်းထန်တဲ့ COVID-19 လူနာတွေကို ကုသရမှာ စံသတ်မှတ်ထားတဲ့ ကုသဆေးဖြစ်လာပါတယ်။
Remdesivir ဆေးဟာ ရောဂါလက္ခဏာမပြင်းထန်တဲ့ လူနာတွေမှာ သိသာတဲ့ ထိရောက်မှု မရှိထားဘဲ ဆရာဝန်အများအပြားက ထိုလူနာတွေကို ကုသရာမှာ အသုံးပြုရန် စိုးရိမ်မှုရှိနေဆဲ ဖြစ်ပါတယ်။ FDA က တရားဝင် ခွင့်ပြုချက်ရရှိခဲ့တာကြောင့် Remdesivir ရောင်းချမှု အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ လေ့လာသုံးသပ်သူ Steven Seedhouse က ဆိုပါတယ်။
(Photo: TIME)
လက်ရှိမှာ အမေရိကန်အတွက် ဆေးလိုအပ်ချက် ပြည့်မီနေကြောင်းနဲ့ အောက်တိုဘာလကုန်မှာ ကမ္ဘာတစ်ဝန်းမှ လိုအပ်ချက်ကို ပြည့်မီလာမယ်လို့ မျှော်လင့်ထားကြောင်း Gilead Sciences က ပြောထားပါတယ်။ Gilead Sciences ရဲ့ အဆိုအရ Veklury အမှတ်တံဆိပ် Remdesivir ဆေးဟာ အမေရိကန်အပြင် နောက်ထပ် နိုင်ငံပေါင်း ၅၀ မှာ သက်ဆိုင်ရာ ဆေးဝါးကြီးကြပ်ရေးဌာနမှ ခွင့်ပြုချက်ရရှိထား သို့မဟုတ် ယာယီခွင့်ပြုချက်ရရှိထားကြောင်း သိရပါတယ်။