COVID-19 ဒုတိလှိုင်းကို ရင်ဆိုင်နေရပြီး ကူးစက်မှုတွေ စံချိန်တင် မြင့်တက်လာခဲ့တဲ့ ပြင်သစ်နိုင်ငံမှာ အစိုးရက နောက်ထပ် နေရာအများအပြားကို ညမထွက်ရအမိန့်ထုတ်ပြီး ကူးစက်မှုနှေးကွေးသွားရန် လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ် Jean Castex က ကြေညာခဲ့ပါတယ်။
(Photo: Anadolu Agency/Getty Images)
"ဒုတိယလှိုင်းက အခု ဖြစ်နေပြီ" လို့ ၎င်းက ပြင်သစ်မှာ ၂၄ နာရီအတွင်း ကူးစက်ခံရသူ နောက်ထပ် ၄၁,၆၂၂ ဦးတိုးပြီး နေ့အလိုက် ကူးစက်မှုအများဆုံး စံချိန်တင်သစ်တင်ခဲ့ပြီးနောက် မကြာမီမှာ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ နောက်ထပ် နေရာတွေမှာ ထုတ်ပြန်သွားမယ့် ညမထွက်ရအမိန့်ဟာ ယနေ့ (အောက်တိုဘာ ၂၃ ရက်) ဒေသစံတော်ချိန် ညသန်းခေါင်မှာ စတင်သက်ရောက်မှာဖြစ်ပြီး လူဦးရေ ၄၆ သန်း အကျုံးဝင်ကြောင်း သိရပါတယ်။
ညမထွက်ရအမိန့်ကို နောက်ထပ် နေရာ ၃၈ ခုနဲ့ ပြင်သစ်ပိုလီနီးရှား (France Polynesia) တို့မှာ တိုးချဲ့ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ ဥရောပတစ်လွှား နိုင်ငံတွေမှာ လတ်တလော COVID-19 ကူးစက်မှုနှုန်း မြင့်တက်လာမှုကို ရင်ဆိုင်နေကြရပါတယ်။ ပြင်သစ်၊ အီတလီ၊ စပိန်နဲ့ ဗြိတိန်တို့ဟာ ကူးစက်မှု အဓိက ဖြစ်ပွားနေတဲ့ ဥရောပနိုင်ငံတွေ ဖြစ်နေပါတယ်။
(ဝန်ကြီးချုပ် Jean Castex နဲ့ သမ္မတမက်ခရွန်) (Photo: Reuters)
"လာမယ့် သီတင်းပတ်တွေက ခက်ခဲကြမ်းတမ်းပါလိမ့်မယ်၊ သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်နေပါမယ်၊ ကူးစက်မှုကို ကျွန်တော်တို့ မရပ်တန့်နိုင်ဘူးဆိုရင် သေရေးရှင်ရေး အခြေအနေ ရင်ဆိုင်လာရပြီး အများကြီး ပိုပြင်းထန်တင်းကျပ်တဲ့ အစီအမံတွေကို ကျွန်တော်တို့ စဥ်းစားသွားရမှာပါ၊ ဒီလိုမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ ကျွန်တော်တို့မှာ အချိန်ရှိပါသေးတယ်၊ ဒါပေမဲ့ အချိန်အများကြီးတော့ မဟုတ်ပါဘူး" လို့ ပြင်သစ်ဝန်ကြီးချုပ် Jean Castex က ပြောခဲ့ပါတယ်။
ကူးစက်မှုကို ကျွန်တော်တို့ မရပ်တန့်နိုင်ဘူးဆိုရင် သေရေးရှင်ရေး အခြေအနေ ရင်ဆိုင်လာရပြီး အများကြီး ပိုပြင်းထန်တဲ့ အစီအမံတွေကို စဥ်းစားသွားရမှာပါ၊ ဒီလိုမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ ကျွန်တော်တို့မှာ အချိန်ရှိပါသေးတယ်၊ ဒါပေမဲ့ အချိန်အများကြီးတော့ မဟုတ်ပါဘူး
ပြင်သစ်မှာ ပါရီမြို့အပါအဝင် မြို့ ၉ ခုကို ညမထွက်ရအမိန့်ထုတ်ခဲ့ပြီးနောက် သီတင်းတစ်ပတ်မပြည့်မီ နောက်ထပ် နေရာတွေကိုလည်း အလားတူ အမိန့်ထုတ်မယ်လို့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ ညမထွက်ရအမိန့် ထုတ်ပြန်မှုအပေါ် ယခင်ကတည်းက ၂ လကြာ lockdown သတ်မှတ်ခဲ့မှုကြောင့် ဆုံးရှုံးနစ်နာမှုကြုံနေရတဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေက ကန့်ကွက်ပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။
(Photo: Reuters)
သို့သော် ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်လာမယ့် အန္တရာယ်ကိုရှောင်လွှဲရန် ညမထွက်ရအမိန့်တွေက မလွှဲမရှောင်သာလိုအပ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြောခဲ့ပါတယ်။ ယခုအခါ ပြင်သစ်မှာ COVID-19 ကူးစက်ခံရသူ ၁ သန်းနီးပါးရှိလာပြီး ၎င်းတို့အနက် ၃၄,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၀၈,၀၀၀ ကျော် ပြန်လည်သက်သာခဲ့တယ်လို့ သိရပါတယ်။
အခြား ဥရောပနိုင်ငံတွေဖြစ်တဲ့ အိုင်ယာလန်၊ ချက်ရီပတ်ဘလစ်၊ ဆလိုဗက်ကီးယား၊ ဂရိ၊ ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ စပိန်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်တို့မှာလည်း လတ်တလော COVID-19 ကူးစက်မှုတွေ သိသိသာသာ မြင့်တက်ဖြစ်ပွားနေပြီး ပိတ်ပင်ကန့်သတ်ချက်အသစ်များ သတ်မှတ်ထုတ်ပြန်ကာ ထိန်းချုပ်နိုင်ရေး လုပ်ဆောင်နေရပါတယ်။