ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ကြေညာခဲ့တဲ့မြို့နယ်တွေထဲက ရှမ်းပြည်နယ် ၊ မိုင်းကိုင်မြို့နယ်မှာ ကျင်းပခွင့်ရရှိဖို့အတွက် နိုင်ငံရေးပါတီလေးခုနဲ့ ဒေသခံပြည်သူတစ်သောင်းကျော်က လတ်မှတ်ထိုးတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ရှမ်းတိုင်းရင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မိုင်းကိုင်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် အခြားနိုင်ငံရေးပါတီလေးခုနဲ့ ညှိနှိုင်းခဲ့ပြီး ပါတီသုံးခုက သဘောတူဆောင်ရွက်ခဲ့တဲ့အပြင် ဒေသခံတွေကပါ ပါတီကို စာပို့တောင်းဆိုမှုတွေရှိလာတာကြောင့် ဒေသခံတွေလက်မှတ်ကိုပါ စုဆောင်းခဲ့တယ်လို့ SNLDပါတီ တွဲဖက်အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်က Duwun ကိုပြောပါတယ်။
ဓာတ်ပုံ-SNLD
" ကျွန်တော်တို့ ကျန်တဲ့ပါတီတွေနဲ့ စေ့စပ်တယ် ၊ ညှိနှိုင်းတယ် ။ အစက မိုင်းကိုင်က ပြိုင်တာ ၆ ပါတီပေါ့။ အခု နှင်းဆီပါတီကမရှိတော့ ၅ပါတီကျန်တယ်။ ကျွန်တော်တို့အပါအဝင် ၄ပါတီက သဘောတူတယ် ။ ပြည်သူတွေရဲ့ နိုင်ငံအခွင့်အရေးအတွက်လေ လုပ်သင့်တယ်ဆိုပြီး လက်မှတ်တွေထိုး တင်လိုက်တာလေ ။ ပြည်သူတွေရဲ့ သဘောထားကလည်း အရေးကြီးတယ်လေ ။ တချို့ပြည်သူတွေက ပါတီကို တင်ပြတောင်းဆိုလာတာနဲ့ ကျွန်တော်တို့ ဦးဆောင်ပြီး ကောက်ဖြစ်သွားတယ်ပေ့ါဗျာ ။ ပြည်သူတွေ လက်မှတ်ထိုးတာ လူတစ်သောင်းကျော်ပါတယ် ။စဉ်းစားကြည့်ပေါ့ဗျာ။ ဒီတစ်ရက် နှစ်ရက်အတွင်း ပြည်သူတစ်သောင်းကျော် လက်မှတ်ထိုးကြတယ်ဆိုတာ မိုင်းကိုင်မှာရှိတဲ့ ပြည်သူတွေရဲ့ သူတို့အခွင့်အရေးအပေါ်မှာ တောင်းဆိုမှုအပေါ် ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ စဉ်းစားသင့်တယ်လို့ မြင်တယ် " လို့ ရှမ်းတိုင်းရင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်က Duwun ကိုပြောပါတယ်။
မိုင်းကိုင်မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် SNLD အပါအဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့က သဘောတူညီခဲ့ကြတာဖြစ်ပြီး တအာင်း(ပလောင်)အမျိုးသားပါတီ (TNP)အနေနဲ့တော့ ဆွေးနွေးခဲ့ပေမယ့် လက်မှတ်ထိုး သဘောတူညီမှုမှာ ပါဝင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
ဓာတ်ပုံ-SNLD
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အနေနဲ့ ရှမ်းပြည်နယ်မှာ ရွေးကောက်ပွဲမပြုနိုင်ကြောင်း ကြေညာထားတဲ့မြို့နယ်တွေထဲက မိုင်းကိုင်မြို့နယ်ကို ရွေးကောက်ပွဲကျင်းပနိုင်ဖို့တောင်းဆိုထားတဲ့အပြင် ကျောက်မဲမြို့နယ်ထဲက ကျေးရွာအုပ်စုများ ၊ မူဆယ်ခရိုင် နဲ့ လားရှိုးခရိုင်ထဲက နေရာအချို့မှာ ကျင်းပနိုင်ဖို့လည်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်တွေကတစ်ဆင့် စာပို့တောင်းဆိုထားတယ်လို့ သိရပါတယ်။
မိုင်းကိုင်မြို့နယ်ကို ရွေးကောက်ပွဲမကျင်းပတဲ့နယ်မြေ စာရင်းက ပယ်ဖျက်ပေးဖို့ SNLD လွှတ်တော် ကိုယ်စားလှယ် လောင်းသုံးဦး လက်မှတ်ထိုးတောင်းဆိုတဲ့ စာအပါအဝင် မဲဆန္ဒ ရှင် ၁၁,၂၃၈ ဦးတို့ရဲ့ လက်မှတ်များတွေကို မိုင်းကိုင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ရုံးခွဲကတစ်ဆင့် လွိုင်လင်ခရိုင် ကော်မရှင်အဖွဲ့ခွဲထံကို အောက်တိုဘာ ၂၂ ရက်က ပေးအပ်ခဲ့ပြီး အဆိုပါပေးအပ်ပွဲကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အသိသက်သေအဖြစ် တက်ရောက်ခဲ့တယ်လို့ SNLD က အောက်တိုဘာလ ၂၂ရက် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။