နယ်မြေအေးချမ်းနေသလို ပြည်သူတွေကလည်း လိုလားတာကြောင့် တောင်းဆိုရတယ်လို့ ပါတီကနေ သိရပါတယ်။

ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ကြေညာချက်ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ် ၊ မြို့နယ်(၉)ခုထဲက ပေါက်တောမြို့နယ်ကို ပြန်လည်စိစစ်ပေးဖို့ ရခိုင့်ဦးဆောင်ပါတီ (AFP) က တောင်းဆိုထားတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေမှာ ပေါက်တောမြို့နယ်က တိုက်ပွဲဖြစ်ပွားနေခြင်းမရှိသလို နယ်မြေအေးချမ်းနေပြီး ဒေသခံပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲကို စိတ်ပါဝင်စားတာကြောင့် ဒီလိုတောင်းဆိုရတာဖြစ်တယ်လို့ AFP ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းက Duwun ကို ပြောပါတယ်။



" ပေါက်တောမြို့နယ်မှာက ဘာမှလည်း ပြဿနာမရှိဘူး။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး ။ နယ်မြေကလည်း အေးအေးဆေးဆေးပဲ ။ လူတွေကလည်း ရွေးကောက်ပွဲကို စိတ်ဝင်စားတယ် ။ တိုက်ပွဲပြင်းတဲ့ ပလက်ဝလိုနေရာတောင် ရွေးကောက်ပွဲကျင်းပမယ်ဆိုတာ ပေါက်တာလိုနေရာမှာ ဘာလို့မကျင်းပနိုင်တာရတာလဲ မေးခွန်းထုတ်စရာဖြစ်တယ် ။ ဒေသခံတွေလည်း မဲပေးချင်တယ်လေ ။ ဒါနိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးပဲပေါ့ ။ အဲဒါကြောင့် တောင်းဆိုလိုက်တာ" လို့ AFP ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအေးသာအောင်က Duwun ကို ပြောပါတယ်။

ဒီလိုတောင်းဆိုရာမှာတော့ လက်ရှိအနေအထားအရ အခြားပါတီတွေက ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စတွေဆောင်ရွက်နေတာကြောင့် အတူဆွေးနွေးညှိနှိုင်းတာမျိုး AFP အနေနဲ့ မလုပ်ဆောင်ခဲ့ပေမယ့်လည်း ဒီလိုတောင်းဆိုမှုကို လိုလားကြလိမ့်မယ်လို့ ဦးအေးသာအောင်က Duwun ကို ပြောပါတယ်။

ဓာတ်ပုံ- ရခိုင့်ဦးဆောင်ပါတီ (အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၁)၊ ပေါက်တောမြို့နယ်တွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးအေးသာအောင်

ဒါ့အပြင် မကျင်းပနိုင်တဲ့နေရာတွေကို ကော်မရှင်က သုံးသပ်ပြီး ပြန်လည်ကျင်းပပေးမယ်လို့ ပြောဆိုထားချက်အရ ဒီမြို့နယ်တွေကိုလည်း လာမယ့်ရွေးကောက်ပွဲမှာ တပြိုင်နက်ထဲသာ ကျင်းပစေချင်တယ်လို့လည်း နိုင်ငံရေးပါတီတွေက ပြောဆိုထားပါတယ်။

" အခုက တခြားပါတီတွေကလည်း အောင်နိုင်ရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေကြလို့ ဆွေးနွေးတာမျိုးတော့ မလုပ်နိုင်သေးဘူးပေါ့ဗျာ ။ ဒါပေမယ့်လည်း တခြားကနေ ဒီပါတီတွေ ဒေသခံတွေလက်မှတ် စုဆောင်းပေးရမယ်ဆိုတာမျိုးရှိလာရင်လည်း လုပ်နိုင်တာပါပဲ ။ ဒီလိုကျင်းပဖို့ တခြားပါတီတွေလည်း လိုလားတာပါပဲ ။ ဒေသခံတွေလည်း လိုလားတာပဲ ။ ဘယ်သူက နိုင်ငံသားဖြစ်ပြီး မဲပေးပိုင်ခွင့်ဆုံးရှုံးတာကို လိုချင်မလဲ ။ ငါးနှစ်မှတစ်ကြိမ်ရတဲ့အခွင့်အရေးကို ။ တောင်ကုတ်ဆို မလုံခြုံတဲ့နေရာတွေချန်ထားပြီး လုံခြုံတဲ့နေရာတွေ စုပြီးကျင်းပလိုက်တယ် ဒီလိုပဲ ဒီကိုးမြို့နယ်ထဲက နေရာတွေထဲမှာလည်း ရှိမှာပါပဲ ။ ဖြစ်နိုင်ရင် ပြန်ကျင်းပပေးမယ်ဆိုတဲ့ ဆန္ဒရှိရင် ဒီရွေးကောက်ပွဲအမီ လုပ်ဆောင်ပေးဖို့ကောင်းပါတယ်။အကုန်လုံးက အရှိန်အဟုန်နဲ့ လုပ်ထားတာတွေရှိတယ် ပါတီအသီးသီးက လုပ်ထားတယ် " လို့ AFP ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအေးသာအောင်က Duwun ကိုပြောပါတယ်။

ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ( USDP ) ၊ရခိုင့်ဦးဆောင်ပါတီ( AFP ) နဲ့ ရခိုင်အမျိုးသားပါတီ (ANP ) တို့ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာပို့တောင်းဆိုထားတာကတော့ ရခိုင့်ဦးဆောင်ပါတီ( AFP )က ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပေါက်တောမြို့နယ်က နယ်မြေအေးချမ်းသာယာပြီး ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉(င) အရ မဲဆန္ဒရှင်တွေလည်း ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ မဲပေးနိုင်ကြောင်း တွေ့ရှိရတာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်အမှတ် ၁၉၆/၂၀၂၀ကို ပြန်လည်စိစစ်ပြီး ပေါက်တောမြို့နယ်ကို ၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာလ (၈)ရက်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အောက်တိုဘာလ ၂၂ရက်က ရခိုင့်ဦးဆောင်ပါတီက စာပို့တောင်းဆိုထားတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က