ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်နေတဲ့ ရန်ကုန်မှာ ရောဂါပြင်းပြင်းထန်ထန်ခံစားနေရတဲ့ လူနာအရေအတွက် ပိုများလာတဲ့အတွက် အောက်ဆီဂျင်ပေးရတဲ့ လူနာအရေအတွက်ကလည်း ပိုများလာတယ်လို့ သိရပါတယ်။
ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိလာတဲ့လူနာအများစုက ရောဂါပြင်းထန်ပြီး အောက်ဆီဂျင်ပေးရန်လိုအပ်တဲ့လူနာတွေဖြစ်တာကြောင့် အောက်ဆီဂျင်ပေးရန် နေရာမလုံလောက်တဲ့ အခက်အခဲတွေလည်းရှိနေပါတယ်။ ဒါ့ကြောင့် တခြားကုသရေးစင်တာတွေဖြစ်တဲ့ ဖောင်ကြီး ၊အင်းယားနဲ့ ဧရာဝတီစင်တာတို့ကို ပို့ဆောင်ရတာတွေရှိတယ်လို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ ပေါမောက္ခ ဒေါက်တာမော်မော်ဦးက Duwun ကို ပြောပါတယ်။
“အရင်က ဆေးရုံကြီးကိုရောက်လာတဲ့ လူနာတွေထဲမှာ ၂၀%လောက်ပဲ အောက်ဆီဂျင်ပေးရတယ်။ ခုနောက်ပိုင်းမှာတော့ အောင်ဆီဂျင်ပေးရတဲ့ လူနာက (၅၀)%လောက်ထိရှိတယ်။ ကျွန်တော်တို့ဆေးရုံကြီးမှာဆိုရင် အောက်ဆီဂျင်ပေးပေးဖို့အတွက် လူနာ (၂၅၀)လောက်ပြင်ထားတယ်။ ဒါတောင်လုံလောက်မှုမရှိလို့ ထပ်ရောက်လာတဲ့ လူနာတွေဆိုရင် တခြားကုသရေးစင်တာတွေကို လွှဲပြောင်းပို့ဆောင်နေရတယ်”လို့ ဒေါက်တာမော်မော်ဦးက ပြောပါတယ်။
ပြင်းထန်လူနာတွေများပြီး အောက်ဆီဂျင်ပေးရတဲ့လူနာတွေ များလာရတာက ဆေးရုံအရောက်နောက်ကျပြီး ကုသမှုခံယူဖို့ ခက်ခဲတာတွေဖြစ်တယ်လို့ ဒေါက်တာမော်မော်ဦးပြောပါတယ်။ လက်ရှိနိုင်ငံတွင်း ကိုဗစ်လူနာတွေထဲမှာ သေဆုံးမှု အရေအတွက်ကလည်း မြင့်တက်နေပြီး သေဆုံးသူရဲ့ (၅၀)%ကလည်း ဆေးရုံရောက်ကာ ကုသမှုနောက်ကျတဲ့ လူနာတွေလည်းဖြစ်ပါတယ်။
ကုသမှုနောက်ကျလို့ သေဆုံးသူတွေရဲ့ (၅၀)ရာခိုင်နှုန်းမှာ သေဆုံးပြီးမှ ပိုးတွေ့တာက (၁၈) ရာခိုင်နှုန်းနဲ့ ဆေးရုံရောက်ပြီး (၂၄)နာရီအတွင်းသေဆုံးတာက (၃၂) ရာခိုင်နှုန်းထိ ရှိတယ်လို့ ကျန်းမာရေးစစ်တမ်းတွေအရသိရပါတယ်။ အဓိကသေဆုံးသူ အားလုံးက ဆေးကုသခံယူမှုနောက်ကျလို့ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ကိုဗစ်သံသယလက္ခဏာတွေရှိပါက အိမ်မှာ ကြိတ်ပြီး ကုသနေတာမျိုးမလုပ်ဘဲ ဆေးရုံတက်ရောက်ကာ ကုသမှုအမြန်ဆုံးခံယူဖို့ကိုလည်း ကျန်းမာရေးတာဝန်ရှိသူတွေကလည်း တိုက်တွန်းပြောကြားထားပါတယ်။
လက်ရှိကူးစက်မှုပျံ့နှံ့ပြီး လူနာအရေအတွက် များပြားနေတဲ့ ရန်ကုန်မှာတော့ အစိုးရ ဆေးရုံကြီး (၅)ခုနဲ့ ကုသရေးစင်တာ (၁၅)ခုလောက်မှာ လူနာတွေကို ထားရှိကုသပေးလျှက်ရှိနေပါတယ်။ လက်ရှိ ရန်ကုန်ဆေးရုံကြီးမှာတော့ လူနာများအား ပြုစုစောင့်ရှောက်ရန်အတွက် စေတနာ့ဝန်ထမ်းအနေဖြင့် တာဝန်ထမ်းဆောင်နိုင်မည့် ဆရာဝန်နှင့် သူနာပြုတို့လိုအပ်နေကြောင်းလည်း သိရပါတယ်။ အောက်တိုဘာလ (၂၃)ရက်နေ့ နေ့လယ်ပိုင်းထိ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုဗစ်လူနာ (၄၁၀၀၈)ဦးမှာ သေဆုံးသူက (၁၀၀၅)ဦးရှိလာပြီ ဖြစ်ပါတယ်။