နိုင်ငံတော် သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ ကြိုတင်မဲပေးမှာဖြစ်ပေမယ့် ဒီနေ့ (အောက်တိုဘာ ၂၃) ရက်နေ့မှာတော့ မဲပေးမှာမဟုတ်သေးဘူးလို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းက ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တာမွေမြို့နယ်မဲဆန္ဒနယ်အတွက် ကြိုတင်မဲပေးမှာဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗဟန်းမြို့နယ်မဲဆန္ဒနယ်အတွက် ကြိုတင်မဲပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။
“ မဲဆန္ဒနယ်ပြင်ပရောက်အနေနဲ့ မဲပေးဖို့ ပုံစံ (၁၅) နဲ့ လျှောက်ထားပြီးဖြစ်တယ်။ အဲဒီတော့ ကြိုတင်မဲပေးမှာဖြစ်ပါတယ်။ နေပြည်တော်မှာပဲ မဲပေးမယ်။ မဲပေးမယ့် ရက်ကတော့ ဒီနေ့မဟုတ်ဘူး။ ကျွန်တော်တို့ သတင်းထောက်တွေကိုလည်း အသိပေးမယ်။ သတင်းယူခွင့်ပေးမယ်” လို့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုပါတယ်။
သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ဒီကနေ့ အောက်တိုဘာ (၂၃) ရက်နေ့မှာ မဲပေးမည်ဆိုတဲ့သတင်းကြောင့် သတင်းထောက်တွေလည်း သတင်းရယူဖို့ စောင့်ဆိုင်းနေကြတဲ့အတွက် ဦးဇော်ဌေးက မဲပေးမည့်နေ့က ဒီနေ့မဟုတ်ကြောင်း၊ မဲပေးမယ့်ရက်မတိုင်မီ သတင်းမီဒီယာတွေကို ကြိုတင် အသိပေးမှာဖြစ်ကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။