ထောင်ပြေးမှုနဲ့ တရားစွဲဆိုခံထားရတဲ့ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဒီနေ့ စတုတ္ထအကြိမ်တရားရုံးထုတ်မှာ လက်ရှိစွဲထားတဲ့အမှုအပြင် နောက်ထပ် လဝကအက် ၁၃(၁) နဲ့ ထပ်မံ တရားစွဲတင်လိုက်တယ်လို့ သိရပါတယ်။
"ဒီနေ့ဦးကျော်မြင့်အပေါ်ကို နောက်ထပ်တစ်မှုစွဲတင်ပါတယ်၊မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေလတ်တလောပြဋ္ဌာန်းချက်အက်ဥပဒေပုဒ်မ ၁၃(၁) အရ အမှတ် ၈ စခန်းမှူးဒုရဲမှူးအောင်မင်းကနေပြီးတော့ တရားစွဲတင်လာပါတယ်" လို့ ချမ်းအေးသာစံမြို့နယ်တရားရုံးမှ တရားရုံးပြန်ကြားရေးအရာရှိဦးကျော်မျိုးဝင်း ကပြောပါတယ်။ ဦးကျော်မြင့်က မြန်မာနိုင်ငံသားမှတ်ပုံတင်ကတ်ကိုင်ဆောင်ထားပြီး ကချင်/ကိုးကန့်လူမျိုးအဖြစ်စာရင်းသွင်းထားတယ်လို့ ဒီကနေ့ သမ္မတရုံးအိမ်တော်မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကဆိုပါတယ်။ ဦးကျော်မြင့်ရဲ့ပတ်စ်ပို့စ်ကိုတော့ စစ်ဆေးနေဆဲဖြစ်ပြီး သူကာလရှည်နေထိုင်ခဲ့တဲ့ ကနေဒါနိုင်ငံသားပတ်စ်ပို့စ်လား အမေရိကန်ပတ်စ်ပို့စ်လားဆိုတာကိုတော့ ဆက်လက်စစ်ဆေးနေတယ်လို့ ဦးဇော်ဌေးကဆိုပါတယ်။
ဦးကျော်မြင့်က ဒီကနေ့ရုံးချိန်းမှာ တရားခံပြသက်သေ ၆ ဦးတင်ပြဖို့ရှိပေမယ့်လည်း အဲဒီ ၆ ဦးစလုံးကို ခေါ်ဆောင်လာနိူင်ခြင်းမရှိလို့ ရုံးချိန်းရွှေ့ဆိုင်းလိုက်ရတယ်လို့လည်း တရားရုံးပြန်ကြားရေးအရာရှိကပြောပါတယ်။"ဒီနေ့ကသူ့ကိုစွဲဆိုထားတဲ့ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ အတွက် စစစ်ဆေးခဲ့ပါတယ် တရားခံပြသက်သေ ၆ ဦးတင်ပြထားတာကို ၆ ဦးစလုံးခေါ်လာနိုင်ခြင်းမရှိတဲ့အတွက် အောက်တိုဘာ ၂၆ ရက်နေ့ကိုရွှေ့ဆိုင်းချိန်းဆိုထားပါတယ် သူတို့က စုစုပေါင်းခံပြသက်သေ ၆ ဦးတင်ပြထားတာပါ"လို့ ၎င်းကဆိုပါတယ်။
ဦးကျော်မြင့်ကို ဒီကနေ့ရုံးထုတ်မှာလည်း ရဲတပ်ဖွဲ့ကလုံခြုံရေးအပြည့်နဲ့ လူတစ်ကိုယ်လုံးမမြင်ရအောင် PPEဝတ်စုံလိုမျိုးဝတ်ဆင်စေပြီး ရုံးထုတ်ခဲ့တာပါ။ ဥှီးကျော်မြင့်ကို ထပ်မံတရာစွဲဆိုထားတဲ့ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)က ပြည်တွင်းဝင်ရောက် နေထိုင်ခွင့်လက်မှတ်၊ သို့တည်းမဟုတ် ပြည်ဝင်ဗီဇာတွင် ဖော်ပြထားသည့် စည်းကမ်းချက်များနှင့် ဖြစ်စေ၊ ဆန့်ကျင်လျက်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်သူ သည်၊ သို့တည်းမဟုတ် ဝင်ရန်အားထုတ်သူသည်၊ သို့တည်းမဟုတ် တရားဥပဒေနှင့်အညီ ဝင်ရောက်ပြီးမှ၊ အထက်တွင်ဆိုခဲ့သည့်အတိုင်း ဆန့်ကျင်လျက် ပြည်ထောင်စုမြန်မာနိုင်ငံတွင်နေသူသည်၊ သို့တည်းမဟုတ် နေရန်အားထုတ်သူသည် (အနည်းဆုံး ထောင်ဒဏ် (၆) လ မှ အများဆုံး ထောင်ဒဏ်(၅)နှစ်အထိ ဖြစ်စေ၊ အနည်းဆုံးငွေဒဏ်ကျပ်၁၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ) စီရင်ခြင်းခံရမည်လို့ ဖော်ပြထားပါတယ်။ ဦးကျော်မြင့်က တတိယအကြိမ်ရုံးထုတ်စစ်ဆေးစဉ်တုန်းက သူ့အပေါ်စွဲဆိုထားတဲ့ ထောင်ပြေးမှုနဲ့ပတ်သက်ပြီး ငြင်းဆိုခုခံထားပါသေးတယ်။