ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က နိုင်ငံတကာဈေးကွက်ထဲ ဖြန့်ချိခဲ့တဲ့ Call of Duty: Mobile ဂိမ်းဟာ တရုတ်မှာ တရုတ်ဝင် ဖြန့်ချိမှု လုပ်တော့မှာပါ။
အောက်တိုဘာ ၂၉ ရက်နေ့ တရားဝင်ဖြန့်ချိမှု မလုပ်ခင်မှာ Tencent ရဲ့ ဒီဂိမ်းကို Pre-registered တင်ထားသူ သန်း ၅၀ နီးပါး ရှိနေပြီ ဖြစ်တယ်လို့ Gizmochina သတင်းက ဆိုပါတယ်။ Call of Duty: Mobile ဂိမ်းကို တရုတ်မှာ ဖြန့်ဖို့အတွက် Tencent ဟာ တရုတ်ရဲ့ နာမည်ကျော် ပေါ့ပ်အဆိုတော် ဂျေချောင်နဲ့ လည်း သဘောတူစာချုပ်ချုပ်ဆိုထားပါတယ်။
Photo: gizmochina
Call of Duty: Mobile ကို Tencent က ရေးဆွဲထားပြီး Activision Blizzard မှ လိုင်စင်ဆောင်ယူထားတာပါ။ လောလောဆယ် တရုတ်မှာ Public Beta စမ်းသပ်မှုနဲ့ ပေးထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ တရုတ်အစိုးဆီက ခွင့်ပြုချက်ရလာပြီးနောက် အောက်တိုဘာလကုန်ပိုင်းမှာ တရားဝင် ဖြန့်ချိဖို့ ကြေညာလိုက်တာပါ။
တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံးဂိမ်းဈေးကွက်ကြီးတစ်ခု ဖြစ်လို့ COD: Mobile ဂိမ်းအတွက် အလားအလာကောင်းတွေ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ဒီဂိမ်းဟာ တရားဝင်မိတ်ဆက်ပြီး တစ်နှစ်အတွင်းမှာ ဝင်ငွေဒေါ်လာသန်း ၅၀၀ အထိ ရခဲ့ပြီး Sensor Tower ရဲ့ အချက်အလက်တွေအရ ၂၂ ခုမြောက် ကမ္ဘာ့အမြတ်အစွန်းအများဆုံးဂိမ်းအဖြစ် ရောက်လာခဲ့ပါတယ်။
ဇွန်လထဲမှာ Sensor Tower ရဲ့ ခန့်မှန်းချက်အရ ဒီဂိမ်းဟာ Tencent ရဲ့ ကိုယ်ပိုင် PUBG Mobile ကိုပါ ကျော်တက်သွားဖို့ ရှိနေပါတယ်။ လက်ရှိမှာ Call of Duty: Mobile app ကို ဒေါင်းလုပ်ဆွဲမှုပေါင်း သန်း ၂၅၀ ကျော်နေပြီး PUBG Mobile ထက် ဒေါင်းလုပ်ဆွဲမှုနှုန်း ပိုမြန်တဲ့ မှတ်တိုင်လည်း စိုက်ထူထားပါတယ်။
Photo: CNET
Niko Partners ရဲ့ အစီရင်ခံစာတစ်စောင်အရ တရုတ်နိုင်ငံအတွင်း မိုဘိုင်းနဲ့ PC ဂိမ်းဝင်ငွေဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ ဒေါ်လာ ၃၃.၁ ဘီလျံအထိ ရောက်ခဲ့ပြီး လာမယ့် ၂၀၂၄ မှာ ဒေါ်လာ ၄၆.၇ ဘီလျံအထိ ရှိမယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်နိုင်ငံမှာ Gamer ဦးရေ ၆၈၅ သန်းရှိခဲ့ပြီး ကမ္ဘာ့မိုဘိုင်းဂိမ်းဈေးကွက်တစ်ခုလုံးရဲ့ ၂၅%ကိုလည်း ကိုယ်စားပြုနေပါတယ်။