တစ်ရွာကို ဒဏ်ငွေဆယ်သိန်းဆောင်ရမယ်ဆိုတာကြောင့် ပြည်သူတွေက ပါတီကို မတွေ့ဆုံရဲဘူးလို့ ပြောပါတယ်။

ရှမ်းပြည်နယ် ၊ မိုင်းကိုင်မြို့နယ်မှာ တအောင်း(ပလောင်)အမျိုးသားပါတီအနေနဲ့ မဲဆွယ်စည်းရုံးရေးမပြုလုပ်နိုင်ဖို့ ကျေးရွာတွေကို လက်နက်ကိုင်အဖွဲ့က ဖိအားပေးမှုရှိနေတယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး မန်းအုန်းခိုင်က ပြောပါတယ်။

တအာင်း(ပလောင်)အမျိုးသားပါတီ (TNP) နဲ့ တွေ့ဆုံမှုပြုလုပ်မယ်ဆိုရင် ဒဏ်ငွေဆယ်သိန်းဆောင်ရမှာဖြစ်လို့ ကျေးရွာလူထုက ပါတီနဲ့တွေ့ဆုံမှုမပြုလုပ်ရဲဘူးလို့လည်း သိရပါတယ်။



"ပါတီကိုယ်စားလှယ်တွေကိုရော သက်ဆိုင်ရာကျေးရွာတာဝန်ခံဥက္ကဌတွေကိုရော ဖိအားပေးတာ လက်ရှိ ရှိနေတဲ့ အခြေအနေဖြစ်တယ် ။ TNP နဲ့တွေ့မယ်ဆို တစ်ရွာကို ဒဏ်ငွေဆယ်သိန်း ဆိုလုပ်တဲ့အခါကြတော့ ကျေးရွာတွေက ကျွန်တော်တို့ကို တွေ့ဆုံဖို့ မတွေ့ရဲဘူး ။ အခက်အခဲရှိတာပေါ့ ။ လူထုက ဆောင်ရမယ့်ဟာဖြစ်တော့ ကျွန်တော်တို့ကို ထိတွေ့ဖို့ ဆက်သွယ်ဖို့ မလုပ်ရဲကြဘူးပေါ့ " လို့ TNP ပါတီ အထွေထွေအတွင်းရေးမှူး မန်းအုန်းခိုင်က Duwun ကို ပြောပါတယ်။

Photo-Mine Naing Ken

တအာင်း(ပလောင်)အမျိုးသားပါတီအနေနဲ့ မိုင်းကိုင်မြို့နယ်အတွင်းမှာ တစ်ခြားပါတီများနည်းတူ မဲဆွယ်စည်းရုံးရေးပြုလုပ်နိုင်ဖို့ RCSS ဗဟိုဌာနချုပ်နဲ့ သက်ဆိုင်ရာနယ်မြေ တာဝန်ခံတွေကို ဆက်သွယ်ဆောင်ရွက်ခဲ့ပေမယ့်လည်း အဆင်ပြေမှုမရရှိခဲ့ဘူးလို့ တအာင်း(ပလောင်)အမျိုးသားပါတီ (TNP) တာဝန်ရှိသူက ပြောပါတယ်။

ဒါကြောင့် ပါတီအနေနဲ့ မိုင်းကိုင်မြို့နယ်မှာ မဲဆွယ်စည်းရုံးရေးမပြုလုပ်သလို ရွေးကောက်ပွဲကျင်းပနိုင်ဖို့လည်း တောင်းဆိုခြင်းမရှိဘဲ ရွေးကောက်ပွဲပြုလုပ်ခြင်း ၊ မလုပ်ခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသာ ဆုံးဖြတ်မှုပေးလိမ့်မယ်လို့ TNP ပါတီ အထွေထွေအတွင်းရေးမှူး မန်းအုန်းခိုင်က Duwun ကို ပြောပါတယ်။

Photo-Mine Naing Ken

"ထပ်တောင်းဆိုဖို့တော့မရှိပါဘူး ။ ကျွန်တော်တို့က စည်းရုံးရေးကာလမှာ ကွင်းဆင်းစည်းရုံးနိုင်တဲ့ အခြေအနေမပေးခဲ့ဘူး ။ နယ်မြေအခြေအနေအရ အခက်အခဲဖြစ်တယ် ။ ကျင်းပတာ မကျင်းပတာကတော့ ကော်မရှင်ရဲ့ ပြန်လည်သုံးသပ်မှုအပေါ်မူတည်ပါလိမ့်မယ် ။ စည်းရုံးရေးဆင်းတဲ့ကာလမှာကြတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့က ဆက်သွယ်သော်လည်းပဲ စည်းရုံးရေးဆင်းနိုင်တဲ့အခြေအနေမရှိခဲ့ဘူး ။ မိုင်းကိုင်မြို့နယ်တစ်ခုထဲပါပဲ ။ ကျွန်တော်တို့ဘက်က ညှိနှိုင်းဆောင်ရွက်သော်လည်းပဲ အခြေအနေကမပေးဘူး ။ ကွင်းဆင်းစည်းရုံးဖို့ အခြေအနေမရခဲ့ဘူး ။ ကျွန်တော်တို့ကတော့ RCSS ရဲ့ ဗဟိုဌာနချုပ် ဥက္ကဌဆီလည်း စာတင်တယ် ။ သူတို့ညွှန်ကြားတဲ့အတိုင်း သက်ဆိုင်ရာနယ်မြေတာဝန်ခံတွေကို ဆက်သွယ်ဆောင်ရွက်ပါဆိုတဲ့ ညွှန်ကြားချက်အတိုင်းပဲ ဆောင်ရွက်ပါတယ် ။ ဒါပေမယ့် အဆင်ပြေမှုမရခဲ့ပါဘူး ။ ဘာကြောင့်မရလည်းဆိုတာတော့ သက်ဆိုင်ရာအဖွဲ့အစည်းကပဲ သိပါလိမ့်မယ် ။ စာလည်းတင်တယ် ။ လူကိုယ်တိုင်တွေ့ဖို့လည်း ကြိုးစားတယ် " လို့ TNP ပါတီ အထွေထွေအတွင်းရေးမှူး မန်းအုန်းခိုင်က Duwun ကို ပြောပါတယ်။

တအာင်း(ပလောင်)အမျိုးသားပါတီက လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်က မြို့နယ် (၉)ခု နဲ့ မန္တလေးတိုင်းဒေသကြီး ၊ မိုးကုတ်မြို့နယ်တို့မှာ ပြည်သူ့လွှတ်တော် (၁၀)ဦး ၊ အမျိုးသားလွှတ်တော် (၆)ဦး ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ် ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က