ဦးကျော်မြင့်ကိုငွေကြေးခဝါချမှုနဲ့ ဆက်လက်တရားစွဲဆိုသွားမှာပါ။

နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ရဲ့ ပိုင်ဆိုင်မှုကို ဆက်လက်စစ်ဆေးရာမှာ နောက်ထပ် (၁၈) ဘီလီယံ ထပ်တိုးတွေ့ရှိခဲ့ပြီး စုစုပေါင်း ပိုင်ဆိုင်မှုက (၄၁) ဘီလီယံရှိလာတယ်လို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။



လက်ရှိ ဦးကျော်မြင့် ပိုင်ဆိုင်မှုတွေ၊ ငွေရေးကြေးရေးတွေကို စိစစ်နေဆဲဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် ဥက္ကဌ အဖြစ် ဆောင်ရွက်မယ့် စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုတွေလုပ်ပြီးရင် တရားစွဲသွားမှာဖြစ်တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

ဓာတ်ပုံ- ဆူးနစ် (ဒီနေ့ အောက်တိုဘာ (၂၃) ရက်က သမ္မတရုံးသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်)

“ ပိုင်ဆိုင်မှုတွေ၊ ငွေရေးကြေးရေးတွေကို စိစစ်နေတာရှိတယ်။ စိစစ်ပြီးရင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့မှာဖြစ်တယ်။ အဲဒီအဖွဲ့ကနေ ဘယ်ဥပဒေ၊ ဘယ်ပုဒ်မအရ တရားစွဲမယ်ဆိုပြီးတော့ တင်မယ်။ စိစစ်ရေးအဖွဲ့မှာ ပြည်ထဲရေးဒုဝန်ကြီးက ဥက္ကဌ ဖြစ်တယ်။ စိစစ်ရေးအဖွဲ့က ခုနက ပြောတဲ့ စိစစ်ရရှိတဲ့ ငွေကြေးတွေကို တရားစွဲပါမယ်ဆိုပြီး ဥက္ကဌက သဘောတူရင် တရားစွဲမှာဖြစ်တယ်။ တရားရုံးက ဒါတွေကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းလို့ စီရင်ချက်ချရင် နိုင်ငံပိုင်အဖြစ် သိမ်းမယ်” လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့တာပါ။

နှင်းဆီပါတီဥက္ကဌကျော်မြင့်ရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဆေးတွေ့ရှိချက်တွေအရ ပြီးခဲ့တဲ့ အပတ်ကပိုင်ဆိုင်မှု (၂၃) ဘီလီယံနဲ့ တရားမဝင်ငွေလွှဲမှုက (၁၆) ဘီလီယံ တွေ့ရှိခဲ့ပြီး အခုထပ်မံ စစ်ဆေးမှုတွေအရ ပိုင်ဆိုင်မှု (၁၈) ဘီလီယံ ထပ်တိုးတွေ့ရှိခဲ့သလို တရားမဝင်ငွေလွှဲမှုက (၁၁) ဘီလီယံ ထပ်တိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။

“ လောလောဆယ်တော့ ငွေကြေးခဝါချတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ယာယီသိမ်းဆည်းထားတာ(၃) နရာရှိပါတယ်။ ပန်းလှိုင်အိမ်ရာ၊ ပြင်စာမှာရှိတဲ့ မြေနဲ့ အဆောက်အဦး၊ မှော်ဘီမှာရှိတဲ့ မြေနဲ့ အဆောက်အဦးကို ယာယီသိမ်းထားပါတယ်"”လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ဦးကျော်မြင့်ကို မူလ ထောင်ပြေးမှု ဥပဒေပုဒ်မ (၂၂၄)နဲ့ တရားစွဲထားတဲ့အပြင် လဝက အက်ဥပဒပုဒ်မ (၁၃) (၁) ထပ်မံတရားစွဲထားပြီး အဆိုပါအမှုနှစ်ခုပြစ်ဒဏ်ချမှတ်ပြီးရင်တော့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဆက်ပြီး တရားစွဲသွားမယ်လို့လည်း ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

နှင်းဆီပါတီဥက္ကဌ ကို ဒီနေ့ အောက်တိုဘာ (၂၃) ရက်မှာ လေးကြိမ်မြောက် အဖြစ် ချမ်းအေးသာဇံမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ 

ရုံးထုတ်စစ်ဆေးရာမှာ ဦးကျော်မြင့်ကို နောက်ထပ်တစ်မှုစွဲတင်ကြောင်း၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေလတ်တလောပြဋ္ဌာန်းချက်အက်ဥပဒေပုဒ်မ ၁၃(၁) အရ တရားစွဲတင်လာကြောင်း ချမ်းအေးသာစံမြို့နယ်တရားရုံးမှ တရားရုံးပြန်ကြားရေးအရာရှိဦးကျော်မျိုးဝင်းက ဒီနေ့ရုံးထုတ်စစ်ဆေးစဉ် ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က