ဒီနေ့ မွန်းလွဲပိုင်းမှာ ကွယ်လွန်ခဲ့တာပါ။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) ဥက္ကဌ ဦးအုန်းကြိုင် ဒီနေ့ အောက်တိုဘာ (၂၃) ရက်မှာ ကွယ်လွန်သွားပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ကွယ်လွန်တာ မဟုတ်ဘူးလို့ သိရပါတယ်။

“ ဆေးရုံတက်ခဲ့ရတာကတော့ ကိုဗစ်ဖြစ်လို့တက်တာ ဟုတ်တယ်။ ဒါပေမယ့် သူက Negative ဖြစ်သွားပြီးတော့မှ နောက်တခြားဆေးရုံကိုပြောင်းတယ်။ ကုတင် (၁,၀၀၀) ကိုပြောင်းတယ်၊ ပြောင်းပြီးတော့ အစာအိမ် အူဖြစ်လို့ဆိုပြီး ခွဲစိတ်ကုသတယ်၊ မနေ့ညက ခွဲစိတ်ကုသတယ်လို့ကြားတယ်။ ဒီနေ့မှာတော့ ဆုံးသွားပြီလို့သိရတယ်။ ကိုဗစ်ကြောင့်မဟုတ်ဘူး။ လောလောဆယ်တော့ ဒါပဲသိသေးတယ်နော်။”လို့ MPC အတွင်းရေးမှူးဖြစ်သူ ဦးကျော်စွာမင်းက ပြောပါတယ်။

Photo- MPC

MPC ဥက္ကဋ္ဌဦးအုန်းကြိုင်ဟာ အောက်တိုဘာလ အစကတည်းက မင်္ဂလာဒုံစစ်ဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေတာဖြစ်ပြီး ၊ အောက်တိုဘာလ (၃) ရက်နေ့မှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 အဲ့ဒီနောက် မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှုခံယူရင်း ကိုဗစ်ပိုး မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတာကြောင့် ဆေးရုံပြောင်းရွှေ့ကုသခဲ့ရာမှာ ဒီကနေ့ မွန်းလွဲပိုင်း ၃ နာရီ နဲ့ ၂၅ မိနစ်မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။ 

ဦးအုန်းကြိုင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၉၂ နှစ်ရှိပြီ ဖြစ်ပြီး ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ နေထိုင်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဌအဖြစ် (၂၀၁၈) ခုနှစ်အောက်တိုဘာလမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး မကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က