ယာဉ်တိမ်းမှောက်မှု နဲ့ ယာဉ်ပေါ်ကပြုတ်ကျမှု ဖြစ်ပွားခဲ့တာလို့ ပါတီတာဝန်ရှိသူက ပြောပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီအောင်နိုင်ရေးအတွက် ဟိုပုန်းမြို့နယ်ကနေ ယာဉ်တွေနဲ့လှည့်လည်ထောက်ခံအင်အားပြကြတဲ့ အဖွဲ့ ယာဉ်တမ်းမှောက်မှုတစ်ခုနဲ့ ယာဉ်ပေါ်က ပြုတ်ကျမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူလေးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အင်အားပြလှည့်လည်ပွဲက ပါတီကနေ စီစဉ်မှု မဟုတ်တာကြောင့် ပါတီကိုယ်စားလှယ်လောင်းတွေနဲ့ အောင်နိုင်ရေးအဖွဲ့တွေ ပါဝင်ခဲ့ခြင်းမရှိဘူးလို့ PNO ပါတီ ဗဟိုအလုပ်မှုဆောင် စောခွန်ကျော်ဝင်းက Duwun ကို ပြောပါတယ်။



" မနေ့က ဖြစ်စဉ်ကတော့ ပါတီကနေ လှည့်လည်တာမဟုတ်ဘဲ ပါတီထောက်ခံသူတွေက အင်အားပြလှည့်တာဆိုတော့ ကိုယ်စားလှယ်လောင်းတွေ ၊ အောင်နိုင်ရေးအဖွဲ့တွေတော့ ပါဝင်ခဲ့တာမရှိဘူးပေါ့နော် ။ သူတို့ ဟိုပုန်းဘက်ကနေ ထွက်လာပြီး သွားကြတယ်ပေါ့နော် ။ ကက္ကူဘုရားဖူးလည်းသွားကြတယ်လို့ သိရတယ် ။ အပြန် ညဘက်မိုးလည်းချုပ်တော့ ဆီဆိုင်ဘက်အရောက် ဘန်းယဉ်ဆေးရုံနားမှာ ဒိုင်နာယာဉ်က အရှေ့ဘီးပေါက်သွားတယ်။ထိန်းမနိုင်ဘဲ ဓာတ်တိုင်နဲ့ထိတယ် ကားမှောက်တယ်ပြောတယ် ။ အဲဒီမှာ ကားပေါ်က ပြုတ်ကျပြီး အမျိုးသမီးသုံးဦး ဆုံးတယ် ။ တစ်ယောက်က အသည်းအသန်ဖြစ်လို့ တောင်ကြီးဆေးရုံပို့တယ် ။ တစ်ချို့လည်း ဘန်းယဉ်ပေါ့နော် ။ မနက်ကတော့ ဘန်းယဉ်ဆေးရုံမှာ နှစ်ဦးပဲ ကျန်တယ် ။ ကားပေါ်ပါ လူဦးရေတော့ အတိအကျမသိဘူး ။ နောက်ဖြစ်တာကျတော့ အသက် ၁၉နှစ်အရွယ်အမျိုးသားပေါ့နော် လှည့်လည်ပြီးအပြန်မှာ ကားပေါ်က ပြုတ်ကျတာကြောင့် တစ်ဦးသေတယ်လို့လည်း သိရတယ် ။ " လို့ PNO ပါတီ ဗဟိုအလုပ်မှုဆောင် စောခွန်ကျော်ဝင်းက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-PNO (ညောင်ရွှေမြို့နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီကို ဝန်းရံကြသောဒေသခံများ)

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်က ဟိုပုန်းမြို့နယ်ထဲက ကျေးရွာနှစ်ခုက ဝန်းရံသူတွေ ဖြစ်ပြီး ပါတီနဲ့ သက်ဆိုင်ရာကော်မရှင်ကို ခွင့်ပြုချက်တောင်းပြီး လှည့်လည်ဖို့ လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက တောင်းဆိုခဲ့တယ်လို့ PNO ပါတီ ဗဟိုအလုပ်မှုဆောင် စောခွန်ကျော်ဝင်းက Duwun ကို ပြောပါတယ်။

ဒါ့အပြင် မတော်တဆမှုဖြစ်စဉ်တွေကြောင့် သေဆုံးခဲ့သူတွေနဲ့ပတ်သက်ပြီး ကိစ္စအ၀၀ကို ပါတီဥက္ကဌကိုယ်တိုင် ကူညီဆောင်ရွက်ပေးနေပြီး ထပ်မံလှည့်လည်အင်အားပြမယ့် အဖွဲ့တွေကိုလည်း ယာဉ်မတော်တဆမှုအတွက် သတိပေးဆောင်ရွက်ထားတယ်လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက သိရပါတယ်။

" ပါတီဝင်တွေက ပါတီကို တင်ပြတာလည်းရှိတယ် ။ သူတို့ဘာသာ သက်ဆိုင်ရာကော်မရှင်တွေကို တင်ပြပြီးဆောင်ရွက်ကြတာ လည်းရှိတယ် ။ ဒီထဲမှ ကျေးရွာတွေကနေ ဝန်းရံသူတွေက လှည့်လည်ချင်လို့ ပြောတဲ့အခါ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက လူစုလူဝေးမဖြစ်ဖို့ တစ်ခါလှည့်ရင် ရွာနှစ်ရွာလောက်ပဲ လှည့်ဖို့ ပြောထားခဲ့တာပါ။ အဲဒါကြောင့် အခု နမ့်ခုတ်ကျေးရွာနဲ့ မဲနယ်တောင်ဘက်က ကျေးရွာက လှည့်ရင်း ဒီလိုဖြစ်စဉ်ဖြစ်ပေါ်ခဲ့တာပါ ။ ဒါကြောင့် နောက်ထပ်လှည့်မယ့် အဖွဲ့တွေကိုလည်း မော်တော်ယာဉ်တွေဖြေးဖြေးမောင်းကြဖို့ မနေ့ကညကတည်းက သတိပေးထားပြီးပါပြီ ။ အခုကိစ္စနဲ့ပတ်သက်ပြီးလည်း ဆီဆိုင်ဘက်က ကိုယ်စားလှယ်လောင်းတွေရော ၊ ဟိုဘုန်းဘက်က တာဝန်ရှိသူတွေရော ချက်ချင်းလိုက်ကူညီဆောင်ရွက်တယ် ။ ပါတီဥက္ကဌကလည်း သက်ဆိုင်ရာအကူအညီအားလုံးလုပ်ပေးတယ် ။ဦးဆောင်တဲ့ ဝန်းရံသူအဖွဲ့လည်း သူတို့အချင်းချင်းစုစည်းပြီး ပံ့ပိုးကူညီတယ် " လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်မှုဆောင် စောခွန်ကျော်ဝင်းက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-PNO (ညောင်ရွှေမြို့နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီကို ဝန်းရံကြသောဒေသခံများ)

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ကယားပြည်နယ် ၊ မွန်ပြည်နယ် ၊ ကရင်ပြည်နယ် နဲ့ ပဲခူးတိုင်းဒေသကြီးတို့ကနေ ကိုယ်စားလှယ်လောင်း (၂၈)ဦးယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော် ၅ဦး ၊ အမျိုးသားလွှတ်တော် ၃ဦး ၊ တိုင်းဒေသကြီး/ပြည်နယ် ၁၈ဦး ၊ မွန် နဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး တစ်ဦးစီ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က