အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေ ရရှိရေး စဉ်ဆက်မပြတ်ကြိုးစားနေတဲ့ ပါတီဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။
ဒီနေ့ အောက်တိုဘာ (၂၃) ရက်က သမ္မတဦးဝင်းမြင့်ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ပြောကြားခဲ့တာဖြစ်ပြီး NLD ဟာ တိုင်းရင်းသားလူမျိုးတွေ ပါဝင်ဖွဲ့စည်းတည်ထောင်ထားတဲ့ပါတီ ဖြစ်ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေတယ်လို့ ဆိုပါတယ်။
“NLD ဟာ ပြည်ထောင်စုတစ်ဝန်းလုံးကို လွှမ်းခြုံထားတဲ့ ပါတီဖြစ်တဲ့အတွက် ပြည်ထောင်စုကြီးတစ်ခုလုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ရရှိရင် ပြည်ထောင်စုရဲ့ နယ်မြေအစိတ်အပိုင်းဟူသမျှ အကြားအလပ် မရှိပဲ ယင်းအခွင့်အရေးတွေကို မုချရရှိပြီးသားဖြစ်ပါတယ်။” လို့ နိုင်ငံတော်သမ္မတည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌလည်းဖြစ်တဲ့ ဦးဝင်းမြင့်က ပြောကြားခဲ့တာပါ။
ဒ့ါအပြင် ပြည်ထောင်စုအရေးဟာ တိုင်းရင်းသားအရေးရဲ့ အထက်မှာ ရှိနေပြီး ပြည်ထောင်စုဆိုတာ တိုင်းရင်းသားတွေ အားလုံးနဲ့ ဖွဲ့စည်းထားတာဖြစ်ကြောင်း၊ အခုချိန်မှာ မည်သည့်ပါတီနဲ့မှ ယှဉ်ပြိုင်နေတာမဟုတ်ဘဲ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်ဖြစ်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်နိုင်ဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကော့မှူးမြို့နယ်က ပြည်သူတွေနဲ့ အွန်လိုင်းစကားဝိုင်းမှာ ပြောကြားခဲ့ပါတယ်။
“တိုင်းရင်းသားပါတီလေးတွေကို အားချိအောင်လုပ်ချင်တာမဟုတ်ဘူး။ အခုချိန်မှာ ဘယ်ပါတီနဲ့မှ ယှဉ်ပြိုင်နေတာမဟုတ်ဘူး။ စနစ်တစ်ခုနဲ့ယှဉ်ပြိုင်နေတာ။ အာဏာရှင်စနစ်က ဒီမိုကရေစီစနစ်ဖြစ်အောင်လုပ်နေတာ။ ဒီလုပ်ငန်းမပြီးသေးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်ဖို့လိုပါတယ်ဆိုတာ လက်တွေ့ကျကျကို လိုတာ။ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းကို ကျော်လွှားနိုင်ဖို့ဆိုတာ အပြတ်အသတ်နိုင်ဖို့ လိုပါတယ်။ ဘယ်ပါတီ၊ ဘယ်တိုင်းရင်းသားအဖွဲ့အစည်းကိုမှလည်း ပြိုင်နေတာမဟုတ်ပါဘူး။ အမေတို့ အဖွဲ့၊ အစိုးရထဲမှာ တိုင်းရင်းသားတွေ အများကြီးပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
တိုင်းရင်းသားလူငယ်တွေအနေနဲ့ မိမိတို့ရဲ့ ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာစကား၊ကိုးကွယ်ယုံကြည်မှုတွေ ကိုကာကွယ်မြှင့်တင်တာက အင်မတန်ကောင်းတဲ့အလုပ်ဖြစ်ပြီး အဲဒီလိုလုပ်ခြင်းအားဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံးထိခိုက်အောင် လုပ်ဖို့တော့မဟုတ်ကြောင်း၊ ပြည်ထောင်စုကြီးခိုင်မာရင် ပြည်ထောင်စုထဲမှာရှိတဲ့ အစိတ်အပိုင်းအားလုံးက ခိုင်မာမယ်ဆိုတာကို လူငယ်တွေ သတိထားရမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။