မန္တလေးမြို့မှာ ကိုဗစ်အတည်ပြုလူနာတစ်ဦး မနေ့ကညပိုင်းကထပ်မံသေဆုံးမှုဖြစ်ခဲ့ပြီးကိုဗစ်ကြောင့် သေဆုံးသူသုံးဦးအထိရှိခဲ့ပြီ ဖြစ်ပါတယ်။
သေဆုံးသူဟာ မဟာအောင်မြေမြို့နယ်ထဲမှာ Semi Lockdown ချထားတဲ့ စကြာနွယ်စဉ်ရပ်ကွက်၊ ၃၅ လမ်းနဲ့ ၇၃ လမ်းအနီးနေထိုင်သူဖြစ်တယ်လို့သိရပြီး မဟာအောင်မြေမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းဆီဆက်သွယ် မေးမြန်းကြည့်တာမှာတော့ သေဆုံးသူဟာ သွေးကင်ဆာရောဂါအခံရှိသူဖြစ်တယ်လို့သိရပါတယ်။ "ကုတင် ၃၀ ဆံ့မှာဆုံးတာပါ၊ မနေ့ကည ၁၀ နာရီကျော်လောက်ကဖြစ်မယ်ထင်တယ်၊ ကျွန်တော့မြို့နယ်ထဲမှာ Semi Lockdown စကြာနွယ်စဉ်ရပ်ကွက်ထဲကပါ" လို့ ၎င်းကပြောပါတယ်။
သေဆုံးသူဟာ သွေးကင်ဆာရောဂါအခံနဲ့ ကျန်းမာရေးမကောင်းလို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာတက်ရောက်ကုသခံနေရသူပါ။ စောင့်ကြည့်လူနာ ကုသဌာနမှာ နှာခေါင်းတို့ပတ်အာခေါင်တို့ပတ်ယူဓာတ်ခွဲစစ်ဆေးကြည့်တာကနေ ကိုဗစ်ရောဂါကူးစက်ခံရကြောင်းသိရလို့ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၁ ရက်နေ့က အတည်ပြုလူနာတွေသီးသန့် ထားရှိကုသပေးနေတဲ့ ၆၂ လမ်းပေါ်က ခုတင် ၃၀၀ ဆံ့သင်ကြားရေးဆေးရုံဆီပြောင်းရွေ့ကုသနေရင်း မနေ့က(အောက်တိုဘာ ၂၂ ရက်)ညပိုင်းက သေဆုံး သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ သေဆုံးသူရဲ့နောက်ဆုံးခရီးကို ခုတင် ၃၀၀ ဆံ့သင်ကြားရေးဆေးရုံကပဲ ကောင်းမွန်စွာနဲ့တာဝန်ယူဆောင်ရွက်ပေးခဲ့ပြီးဖြစ်တယ်လို့လည်း ၎င်းကပြောပါတယ်။ တကျော့ပြန်ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ဒီကနေ့အထိ မန္တလေးမြို့မှာ ကိုဗစ်ရောဂါအတည်ပြုလူနာ သုံးဦးသေဆုံးမှုရှိခဲ့ပြီး သေဆုံးသူ သုံးဦးစလုံးက ရောဂါအခံရှိသူတွေချည်းဖြစ်တယ်လို့သိရပါတယ်။