အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီရဲ့အောက်တိုဘာ ၂၃ရက်နေ့ညမှာထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်မှာပါရှိတဲ့ အမှတ်စဉ်(၃)မှာ ဒီအချက်ကိုရေးသားဖော်ပြခဲ့တာပါ။ ထုတ်ပြန်ချက်မှာတော့ အထွေထွေရွေးကောက်ပွဲကျင်းပရန် ရက်သတ္တပတ်နှစ်ပတ်သာလိုတော့ချိန်မှာ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေအနေနဲ့တတ်စွမ်းသမျှစည်းရုံးလှုပ်ရှားနေသည်ကိုတွေ့မြင်ရကြောင်း၊ ကိုဗစ်-၁၉ကြောင့် ကိုယ်စားလှယ်လောင်းများစည်းရုံးမှုမလုပ်နိုင်ချိန်မှာ ထောက်ခံဝန်းရံသူများက အင်အားပြလှုပ်ရှားမှုများလုပ်ဆောင်နေသည်ကိုလည်းတတ်စွမ်းသမျှထိန်းချုပ်ရန်မေတ္တာရပ်ခံထားကြောင်း၊ အခြားပါတီများနဲ့ ရံဖန်ရံခါထိပ်တိုက်တွေ့ဆုံပြီးပြဿနာအမျိုးမျိုးဖြစ်ခဲ့ကြသည်ကိုလည်းမြင်တွေ့ရကြောင်း၊ ဖြစ်စဉ်အများစုမှာတစ်ဖက်သော အဖွဲ့အစည်းများ၏ လွန်ကဲသောအပြုအမူများကြောင့်ဖြစ်ကြောင်းအစရှိသည်တို့ကိုရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် အဖွဲ့ချုပ်သည် ပြဿနာကြီးငယ်မဟူ အကြမ်းမဖက်သောမူဝါဒကို တစ်စိုက်မတ်မတ်စောင့်ထိန်းခဲ့သလို အဖွဲ့ဝင်များကလည်း တတ်စွမ်းသမျှဆက်လက်ကျင့်သုံးနေတဲ့အတွက်ဂုဏ်ယူကြောင်းနဲ့ ဒီအမူအကျင့်ကို ဆက်လက်ထိန်းသိမ်းပြီး အောင်နိုင်ရေးလုပ်ငန်းစဉ်များကို မမှိတ်မသုန်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းရေးသား ဖော်ပြထားပါတယ်။
၂၀၂၀အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ(၈)ရက်နေ့မှာကျင်းပမှာဖြစ်ပြီး နိုင်ငံရေးပါတီအရေအတွက် ၉၀ကျော်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကာ NLD ပါတီအနေနဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် ကိုယ်စားလှယ်အရေအတွက် ၁,၁၃၁ဦးဝင်ပြိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။