အမေရိကန် ကြားဝင်ညှိနှိုင်းမှုဖြင့် ဆူဒန်က အစ္စရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ဆောင်ရွက်သွားတော့မယ်လို့ သမ္မတဒေါ်နယ်ထရန့်က ပြောပါတယ်။
(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: Reuters)
ဆူဒန်ဟာ အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်ရန် သဘောတူညီလိုက်တဲ့ ပဥ္စမမြောက် အာရပ်နိုင်ငံဖြစ်လာမယ်လို့ သိရပါတယ်။ လတ်တလောမှာ အမေရိကန်သမ္မတထရန့်က ဆူဒန်ကို အကြမ်းဖက်မှု အားပေးအားမြှောက်ပြုတဲ့ နိုင်ငံစာရင်းမှ ပယ်ဖျက်ခဲ့ပြီး စီးပွားရေးအကူအညီနဲ့ ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားခြင်းကိုလည်း ရုပ်သိမ်းပေးလိုက်ပါတယ်။
ထရန့်က ဆူဒန်နဲ့ အစ္စရေးတို့ကြား ပုံမှန်ဆက်ဆံရေး ထူထောင်သွားရန် သဘောတူညီမှုရကြောင်း ကြေညာခဲ့စဥ်အတွင်း နောက်ထပ် အာရပ်နိုင်ငံ အနည်းဆုံးငါးခုကလည်း အစ္စရေးနဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုရလိုကြကြောင်း ပြောခဲ့ပါတယ်။ ဆူဒန်မတိုင်မီ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ ဘာရိန်းတို့က ၂၆ နှစ်အတွင်း အစ္စရေးနိုင်ငံကို အသိအမှတ်ပြုပြီး ပုံမှန်ဆက်ဆံရေး ဆောင်ရွက်လာခဲ့ကြတဲ့ အရှေ့အလယ်ပိုင်းဒေသမှ ပထမဆုံး နိုင်ငံတွေဖြစ်ခဲ့ကြပါတယ်။
(ဆူဒန်ဝန်ကြီးချုပ် အဗ္ဗဒယ်လာဟမ်ဒေါ့ခ်နှင့် အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူ) (Photo: France24)
အမေရိကန် ကြားဝင်ညှိနှိုင်းမှုဖြင့် ယူအေအီးနဲ့ အစ္စရေးတို့က ဩဂုတ်လအတွင်းမှာလည်းကောင်း၊ ဘာရိန်းနဲ့ အစ္စရေးတို့က စက်တင်ဘာလအတွင်းမှာလည်းကောင်း ပုံမှန်ဆက်ဆံရေး ထူထောင်ကြရန် သဘောတူညီမှုရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဂျော်ဒန်နိုင်ငံကတော့ ၁၉၉၄ ခုနှစ်မှာ အစ္စရေးနဲ့ ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ်ရေးထိုးထားခဲ့ပြီး အီဂျစ်ကလည်း ၁၉၇၉ ခုနှစ်မှာ အစ္စရေးနဲ့ ငြိမ်းချမ်းရေးရရှိခဲ့ပါတယ်။ ထို့အတူ အာဖရိကမှ အာရပ်အဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မော်ရီတေးနီးယားကလည်း ၂၀၀၉ ခုနှစ်မှာ အစ္စရေးနိုင်ငံကို အသိအမှတ်ပြုခဲ့ပေမဲ့ နောက် ၁၀ နှစ်အကြာမှာ ဆက်ဆံရေးဖြတ်တောက်ခဲ့ပါတယ်။
(Photo: Reuters)
အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်လာကြတဲ့ အာရပ်နိုင်ငံ အရေအတွက်တိုးလာမှုအပေါ် ပါလက်စတိုင်းတို့ကတော့ ရှုတ်ချခဲ့ပြီး ၎င်းတို့ရဲ့ အရေးကိစ္စအပေါ် သစ္စာဖောက်မှုဖြစ်ကြောင်း ရှုမြင်ထားပါတယ်။ သမိုင်းကြောင်းအရ အာရပ်နိုင်ငံတွေက အစ္စရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ၁၉၆၇ ခုနှစ် အာရပ်-အစ္စရေး စစ်ပွဲမှာ အစ္စရေး သိမ်းယူခဲ့တဲ့ နယ်မြေတွေကနေ ပြန်လည်ထွက်ခွာရေး၊ ပါလက်စတိုင်းနိုင်ငံ တည်ထောင်မှုနဲ အရှေ့ဂျေရုဆလင်မ်ကို မြို့တော်အဖြစ် သတ်မှတ်ရေးတို့အပေါ် မူတည်ခဲ့ကြကြောင်း သိရပါတယ်။