နိုင်ဂျီးရီးယားနိုင်ငံမှာ ရဲတပ်ဖွဲ့ကို ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူ ၆၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သမ္မတ မူဟမ်မက်ဒူဘူဟာရီက ပြောကြားပါတယ်။
(နိုင်ဂျီးရီးယားသမ္မတ ဘူဟာရီ) (Photo: The Guardian)
သမ္မတဘူဟာရီက နိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဆူပူအုံကြွမှုကို အဆုံးသတ်နိုင်မယ့် နည်းလမ်းများရှာကြံရန် နိုင်ဂျီးရီးယားခေါင်းဆောင်းဟောင်းတွေနဲ့ အရေးပေါ် အစည်းအဝေးတစ်ခုအတွင်း ထိုသို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဆူပူအုံကြွ ဆန္ဒပြမှုများအတွင်း သေဆုံးခဲ့သူတွေအနက် အများစုဟာ အရပ်သားများဖြစ်ပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဆန္ဒပြမှုတွေကို အဓိက ဦးဆောင်စီစဥ်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့က ပြည်သူတွေကို အိမ်မှာနေကြရန် တိုက်တွန်းထားပါတယ်။ Feminist Coalition အဖွဲ့ကလည်း ၎င်းတို့ရဲ့ ပြည်နယ်များအတွင်း ထုတ်ပြန်ထားတဲ့ ကာဖျူးအမိန့်တွေကို လိုက်နာကြရန် ပြည်သူတွေကို အကြံပြုခဲ့ပါတယ်။
ယခုအခါ ဆန္ဒပြမှုတွေ အဓိက ဖြစ်ပွားခဲ့ရာ နိုင်ဂျီးရီးယားရဲ့ အကြီးဆုံးမြို့ လာဂို့စ်မြို့ လမ်းမတွေမှာ ငြိမ်သက်လာခဲ့ပြီဖြစ်ပေမဲ့ တင်းမာမှုကတော့ ရှိနေဆဲဖြစ်ပါတယ်။ နိုင်ဂျီးရီးယားမှာ အောက်တိုဘာ ၇ ရက်နေ့မှစပြီး လူငယ်အများစု ပါဝင်ကြတဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ကာ နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ ရဲတပ်ဖွဲ့ရဲ့ Special Anti-Robbery Squad (Sars) အဖွဲ့ကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ကြပါတယ်။
ထို့နောက် Sars ကို ဖျက်သိမ်းလိုက်ပေမဲ့ ဆန္ဒပြမှုတွေ ဆက်လက် ရှိနေခဲ့ပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့က လာဂို့စ်မြို့မှာ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြမှုတွေ အရှိန်မြင့်လာခဲ့ပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေးအုပ်စု Amnesty International က ပြောကြားမှုအရ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်မှုကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
(Photo: Reuters)
နိုင်ဂျီးရီးယားစစ်တပ်ကတော့ ယခုဖြစ်ရပ်မှာ ပါဝင်မှုမရှိကြောင်း ငြင်းဆိုထားခဲ့ပါတယ်။ သောကြာနေ့ (အောက်တိုဘာ ၂၃ ရက်) အရေးပေါ် အစည်းအဝေးမှာ သမ္မတဘူဟာရီက ၎င်းရဲ့အစိုးရအနေနဲ့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးမယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။ သို့သော် အစိုးရအနေနဲ့ ၎င်းရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ဖျက်သိမ်းသွားမှာ မဟုတ်ကြောင်းနဲ့ ဆန္ဒပြမှုတွေကို အခွင့်ကောင်းယူပြီး ဆက်လက် ဆူပူရမ်းကားတဲ့ ရာဇဝတ်ကောင်တွေ လက်ခံမှာ မဟုတ်ကြောင်း သမ္မတက ပြောခဲ့ပါတယ်။
(Photo: The Independent)
ဆန္ဒပြ ဆူပူအုံကြွမှုများအတွင်း အရပ်သား ၅၁ ဦး၊ ရဲအရာရှိ ၁၁ ဦးနဲ့ စစ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ သမ္မတဘူဟာရီက အစည်းအဝေးမှာ ပြောခဲ့ကြောင်း ၎င်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ ထိုသေဆုံးမှု ကိန်းဂဏန်းတွေအနက် အောက်တိုဘာ ၂၀ ရက်နေ့က လာဂို့စ်မြို့မှာ ဆန္ဒပြ ဆူပူအုံကြွမှုအတွင်း လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ဆန္ဒပြသူတွေ ပါဝင်ခဲ့ခြင်းရှိ မရှိ အတိအကျ မသိရကြောင်း BBC သတင်းက ပြောပါတယ်။
နိုင်ဂျီးရီးယားခေါင်းဆောင်ဟောင်းတွေနဲ့ အစည်းအဝေးမတိုင်မီ သမ္မတဘူဟာရီက ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းတိုတစ်ရပ် ပြောကြားခဲ့ရာမှာ ဆန္ဒပြမှုတွေ ရပ်ဆိုင်းပြီး အစိုးရနဲ့ စေ့စပ်ညှိနှိုင်းရန် ဆန္ဒပြသူတွေကို တိုက်တွန်းခဲ့ပါတယ်။ ထိုမိန့်ခွန်းအတွင်း လာဂို့စ်မြို့ ပစ်ခတ်မှုတွေအကြောင်း ထည့်သွင်းပြောကြားခြင်း မရှိခဲ့မှုအပေါ် ၎င်းကို ဝေဖန်ခဲ့ကြပါတယ်။
.