Tinder လိုမျိုး Dating apps တွေနဲ့ ယှဉ်ပြိုင်မယ့် Facebook ရဲ့ ဖူးစာဖက်ရှာဖွေရေးဝန်ဆောင်မှုကို ဥရောပမှာ စတင် ဖြန့်ချိလိုက်ပြီလို့ ဆိုပါတယ်။
Facebook Dating ဝန်ဆောင်မှုကို Valentine's Day နေ့အကြို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ မိတ်ဆက်ဖို့ စီစဉ်ခဲ့ပေမယ့် ကာလရှည်ကြန့်ကြာပြီးမှ ဥရောပဈေးကွက်ထဲ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဥရောပဈေးကွက်ထဲ ဖြန့်ချိမှု နောက်ကျတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက အိုင်ယာလန် အချက်အလက်ကာကွယ်ရေးကော်မရှင်နာ DPC ရဲ့ ကိုယ်ရေးအချက်အလက်ဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ဖြစ်ပါတယ်။
Photo: pcmag
features အနေနဲ့ အမေရိကန်မှာ ဖြန့်ချိထားတဲ့အတိုင်း ကိုယ့်ရဲ့ Facebook profile နဲ့ လိုက်ဖက်မယ့် လက်တွဲဖော်ရှာပေးမှာ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုဟာ Facebook app မှာ tab တစ်ခုအနေနဲ့ ပေါ်နေမှာ ဖြစ်ပြီး Facebook ရဲ့ တခြား products တွေနဲ့လည်း ချိတ်ဆက်ထားမှာပါ။
"ဒီ feature ဟာ စိတ်ဝင်စားတာချင်းတူတဲ့သူတွေ ၊ အဖွဲ့နဲ့ တက်ရောက်တဲ့ events တွေလိုမျိုး ဘုံတူညီမှုရှိတဲ့ အရာတွေကနေ အဓိပ္ပါယ်ရှိတဲ့ Relationship တွေ ရှာဖွေရာမှာ ကူညီပေးသွားမှာ ဖြစ်ပါတယ်။" လို့ Facebook Dating service ရဲ့ ထုတ်ကုန်မန်နေဂျာ ကိတ်အော်ဆက်က ဆိုပါတယ်။
DPC ရဲ့ လက်ထောက်ကော်မရှင်နာ ဂရေဟမ်ဒွိုင်းလ်က CNN Business ကို ပြောကြားရာမှာ စည်းကမ်းထိန်းသိမ်းရေးအာဏာပိုင်တွေဟာ Facebook ရုံးခန်းမတွေမှာ ရှာဖွေစုံစမ်းမှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ "Facebook အနေနဲ့ Dating Feature မှာ ကိုယ်ရေးအချက်အလက်တွေ ရယူမှုအပေါ် အသေးစိတ် ရှင်းလင်းချက်တွေ ပေးခဲ့ပါတယ်။"
Photo: PCMag
Facebook Dating ဝန်ဆောင်မှုကို ဒီတစ်ပတ်ထဲ ဥရောပသမဂ္ဂနိုင်ငံတွေမှာ ဖြန့်ချိချိန်မှာလည်း DPC အနေနဲ့ ဆက်လက်စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။ Facebook Dating မှာ စာရင်းသွင်းဖို့အတွက် သုံးစွဲသူတွေဟာ တည်နေရာအချက်အလက်တွေ ခွင့်ပြုပေးရမှာ ဖြစ်ပြီး Sign up လုပ်ပြီးတာနဲ့ ပြန်ပြီး ပိတ်ထားလို့ရအောင်လည်း လုပ်ပေးထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
Dating ဝန်ဆောင်မှုဟာ သုံးစွဲသူရဲ့ နေရာအတိအကျကို မပြဘဲ နေထိုင်တဲ့ မြို့ကိုပဲ ပြသမယ်လို့ ဆိုပါတယ်။ ဒီဝန်ဆောင်မှုသုံးစွဲသူတွေရဲ့ အချက်အလက်ကိုလည်း Facebook ထုတ်ကုန်မှာ သုံးသွားမှာ မဟုတ်ဘူးလို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ Facebook ဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလထဲမှာ ဒီဝန်ဆောင်မှုကို အမေရိကန်ဈေးကွက်ထဲ ဖြန့်ချိခဲ့ပါတယ်။