ပါတီအောင်နိုင်ရေး လှည့်လည်မှုကို အရေးယူတာဟာ ဧရာဝတီတိုင်းဒေသကြီးက ပထမဆုံးအကြိမ် လုပ်ဆောင်လိုက်တာပဲ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးထဲက Stay at Home အကျုံးဝင်သတ်မှတ်ထားတဲ့ ပုသိမ်မြို့မှာ အင်အားကြီးပါတီနှစ်ခုကိုထောက်ခံကြောင်း လူစုလူဝေးနဲ့ အင်အားပြလှည့်လည်ခဲ့ရာမှာ ဦးဆောင်ခဲ့တဲ့ ဝန်းရံသူတချို့ကို အရေးယူသွားဖို့လုပ်ဆောင်နေတယ်လို့ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ပြောပါတယ်။

Photo: Kyaw Htay

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်၊ ၁၈ ရက် နဲ့ ၁၉ ရက်နေ့တွေမှာပုသိမ်မြို့အတွင်း အင်အားပြလှည့်လည်ခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတို့ အောင်နိုင်ရေးအတွက် လူစုလူဝေးနဲ့ စီတန်းလှည့်လှည်ခဲ့တဲ့ ဝန်းရံသူတွေထဲက ဦးဆောင်သူ ၂၂ ဦးကို အရေးယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ ဦးဆောင်သူ ၂၂ ဦးကို အရေးယူဖို့အတွက်လည်း တိုင်းအစိုးရအဖွဲ့ထံကနေ ညွှန်ကြားစာလည်း ရရှိထားပြီဖြစ်တာကြောင့် သူတို့ကို သဘာဝ အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ တရားစွဲဆိုဖို့ လုပ်ဆောင်သွားတော့မှာဖြစ်တယ်လို့သိရပါတယ်။ "ဦးဆောင်လုပ်တဲ့ ခေါင်းဆောင်တွေကို ဥပဒေအရအရေးယူဖို့ အစိုးရအဖွဲ့ကို တင်ပြခဲ့တာ ဒီနေ့ အရေးယူဖို့ ညွှန်ကြားချက်ရောက်ပါပြီ။ အမှုဖွင့်တရားစွဲနိုင်အောင်ဆောင်ရွက်သွားမှာပါ။"လို့ ဦးရာဇာအေးက ပြောပါတယ်။



Photo: Kyaw Htay

အင်အားပြလှည့်လည်မှုကြောင့်အရေးယူခံရမယ့် ပါတီဝန်းရံသူတွေထဲမှာ အောက်တိုဘာလ ၁၇ ရက်နေ့ လှည့်လည်အင်အားပြမှုကို ဦးဆောင်ခဲ့တဲ့ NLD ပါတီကို ဝန်းရံသူ ၈ ဦး၊ ပြည်ခိုင်ဖြိုးပါတီကို ဦးဆောင်ဝန်းရံသူ ၂ ဦး ရှိကြောင်းနဲ့ ကျန်တဲ့ အောက်တိုဘာလ ၁၈ ရက်န့ ၁၉ ရက်နေ့စာရင်းကိုတော့ မသိရသေးပါဘူး။အင်အားပြလှည့်လည်မှုတွေဟာ လူဦးရေ ထောင်ဂဏန်းရှိခဲ့တယ်လို့သိရပါတယ်။

ကိုဗစ်ကာလမှာ လူစုလူဝေးနဲ့ ပါတီတွေကို ထောက်ခံကြောင်းနဲ့ ပါတီအောင်နိုင်ရေး လှည့်လည်မှုကို အရေးယူတာဟာ ဧရာဝတီတိုင်းဒေသကြီးက ပထမဆုံးအကြိမ် လုပ်ဆောင်လိုက်တာပဲဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ ပုသိမ်မြို့နယ်ဟာ ကိုဗစ်ကူးစက်မှုရှိနေတာကြောင့် Stay at Home နေထိုင်ဖို့ အကျုံးဝင်ကြောင်း သတ်မှတ်ခံထားရတဲ့မြို့နယ်တစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် CMP စနစ်စက်ရုံတွေကိုလည်း ပိတ်ထားဖို့ တိုင်းအစိုးရအဖွဲ့က ညွှန်ကြားမှုတွေထုတ်ထားဆဲဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က