ရွေးကောက်ပွဲအပြီးမှာ လွှတ်တော်တာ်တရားစီရင်ရေး ကော်မတီရှေ့မှာ လူမှုကွန်ရက်ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Facebook နဲ့ Twitter အမှုဆောင်အရာရှိချုပ်များ အစစ်ဆေးခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Twitter နဲ့ Facebook အမှုဆောင်အရာရှိချုပ်တွေဖြစ်တဲ့ ဂျက်ဒေါ်ဆီနဲ့ မတ်ခ်ဇူကာဘတ်တို့ဟာ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကြားနာစစ်ဆေးခံသွားမှာ ဖြစ်တယ်လို့ The Verge သတင်းက ဖော်ပြထားပါတယ်။ " ဒီကြားနာမှုက လူမှုကွန်ရက်ပလက်ဖောင်းတွေရဲ့ New York Post ဆောင်းပါးတွေကို ဆင်ဆာဖြတ်မှုနဲ့ ဖိနှိပ်မှုအကြောင်း ဦးတည်သွားမှာ ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအပေါ် ဒီကုမ္ပဏီတွေရဲ့ ကိုင်တွယ်မှုကို သုံးသပ်ဖို့ တန်ဖိုးရှိတဲ့ အခွင့်အလမ်းတစ်ခုလည်း ပေးသွားမယ်"လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
Photo: engadget
ပြီးခဲ့တဲ့တစ်ပတ်ထဲမှာ New York Post ဟာ ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒင်ကို သားဖြစ်သူ ဟန်တာဘိုင်ဒင်က ယူကရိန်းစွမ်းအင်ကုမ္ပဏီ Burisma မှာ အမှုဆောင်အရာရှိတစ်ယောက်အဖြစ် ထည့်သွင်းလိုက်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ တခြားသတင်းဌာနက သတင်းထောက်တွေကတော့ ဒီသတင်းမှာ ပါတဲ့ စွပ်စွဲချက်တွေအပေါ် သဘောတူခဲ့ခြင်း မရှိဘဲ Facebook နဲ့ Twitter တို့ကလည်း ဒီသတင်းရဲ့ ပျံ့နှံ့မှုကို ကန့်သတ်ခဲ့ကြပါတယ်။
Facebook ဟာ New York Post ရဲ့ ရောက်ရှိပြန့်နှံ့မှုကို လျှော့ချခဲ့ပြီး ကြားခံအချက်အလက်စစ်ဆေးမှု လုပ်ဖို့ သင့်တယ်လို့ ပြောခဲ့ပါတယ်။ Twitter ကတော့ ဒီ သတင်းကို လုံးဝပိတ်ပင်ခဲ့ပြီးမှ ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့ပါတယ်။ Twitter ရဲ့ အမှုဆောင်အရာရှိချုပ် ဂျက်ဒေါ်ဆီကတော့ သတင်းရဲ့ URL link တွေကို ပိတ်ပင်တာဟာ မှားယွင်းကြောင်း ပြောကြားခဲ့ပါတယ်။
Photo: politico
မတ်ခ်ဇူကာဘတ်နဲ့ ဂျက်ဒေါ်ဆီတို့ဟာ လာမယ့် အောက်တိုဘာ ၂၈ ရက်နေ့မှာလည်း ဆီးနိတ်ကုန်သွယ်ရေးကော်မတီရှေ့မှာ ကြားနာစစ်ဆေးမှု ခံယူမှာ ဖြစ်ပါတယ်။ အောက်တိုဘာလကုန်ပိုင်း ဆီးနိတ်ကော်မတီနဲ့ တွေ့ဆုံမှုမှာ Google CEO ဆွန်ဒါပီချိုင်းလည်း တက်ရောက်မှာ ဖြစ်ပြီး ဒီကြားနာမှုမှာ ဆက်သွယ်ရေးဆိုင်ရာ တာဝန်ခံမှုအက်ဥပဒေ အပိုဒ် ၂၃၀ ကို အဓိကဆွေးနွေးကြားနာမှာ ဖြစ်ပါတယ်။