ရဲတပ်သား (၃)ဦးနဲ့ အချုပ်သား (၃၅)ဦးမှာ တွေ့ရှိထားတာပါ။

နေပြည်တော်၊ပျဉ်းမနားမြို့အချုပ်က အချုပ်သားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ရာကနေ ထိတွေ့ထားသူ အားလုံးကို ကွာရန်တင်းထားရှိပြီး ရောဂါပိုး ရှိ၊မရှိ စစ်ဆေးခဲ့ရာမှ ယနေ့အထိ ပိုးတွေ့လူနာ (၃၈)ဦးအထိတွေ့ရှိထားတယ်လို့ သိရပါတယ်။

ပိုးတွေ့လူနာ (၃၈)ဦးမှာ ရဲတပ်သား သုံးဦးနဲ့ အချုပ်သား (၃၅)ဦးပါဝင်ပြီး အချုပ်သား (၃၅)ဦးထဲမှာ ကွာရန်တင်းကာလမှာပဲ အချုပ်ရက်ပြည့်လို့ ပြန်လည်လွတ်မြောက်မယ့် သူတွေလည်း ပါတယ်လို့ နေပြည်တော် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မြတ်ဝဏ္ဏစိုးက Duwun ကိုပြောပါတယ်။ 



“ ဒီနေ့အထိဆို အားလုံး (၃၈)ဦးအထိပိုးတွေ့ထားတယ်။ နောက်ထပ် ကွာရန်တင်းထားရှိထားသူတွေကလည်း (၂၅)ဦးလောက်ရှိပါသေးတယ်။ အဖြေမသိရသေးဘူး။ စစ်ပြီးတဲ့ထဲမှာလည်း အချုပ်ခန်း တစ်ခုလုံးမှာ အချုပ်သား တစ်ဦးပဲ Negativeထွက်တယ်။ ဒါပေမယ့် သူ့ကိုလည်း ကွာရန်တင်းထားထားပါတယ်”လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုးကပြောပါတယ်။

စက်တင်ဘာလ (၁၃)ရက်နေ့က ပျဉ်းမနားအချုပ်ခန်းက အချုပ်သားတစ်ဦးမှာ ပိုးတွေ့ရှိခဲ့ပြီးနောက် စခန်းကို ပိုးသတ်ဆေးဖြန်းတာတွေဆောင်ရွက်ခဲ့သလို ထိတွေ့ထားသူတွေကိုလည်း နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ သီးသန့်ခန်းတွေနဲ့ ကွာရန်တင်းထားရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် နောက်ထပ် သုံးဦးမှာ ပိုးတွေ့ရှိပြီးနောက် အောက်တိုဘာ (၂၁)ရက်နေ့ ည ပိုးတွေ့စာရင်းထုတ်ပြန်ချက်မှာတော့ နောက်ထပ် (၃၄)ဦးထပ်မံတွေ့ရှိခဲ့ရမှာ စုစုပေါင်း ပိုးတွေ့ရှိသူ (၃၈)ဦးဖြစ်လာခဲ့တာပါ။

အချုပ်သား သုံးဦးမှာ ပိုးထပ်တွေ့ပြီးကတည်းက ကွာရန်တင်းထားရှိထားတဲ့ သူတွေထဲက ထပ်မံပိုးတွေ့ရှိခဲ့တာဖြစ်လို့ ကျန်တဲ့သူတွေလည်း ကူးနိုင်တဲ့အခြေအနေရှိတဲ့အတွက် ဒုတိယအကြိမ်ထပ်မံပြီး ဓာတ်ခွဲစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပိုးတွေ့ရှိခဲ့တဲ့ အချုပ်သားက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာ (၁၃)ရက်နေ့ညက ထုတ်ပြန်တဲ့ပိုးတွေ့စာရင်းထဲမှာ ပါဝင်ခဲ့တာပါ။အချုပ်ကနေ ထောင်ကိုပြောင်းရွေ့ဖို့အတွက် ဆေးထောက်ခံစာယူတဲ့အခါမှာ ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က